ထားဝယ်          နိုဝင်ဘာ ၃

ကိုဗစ်-၁၉ ကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန က ဝန်ထမ်းများနှင့်ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့်လှည့်လည်ရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။

“တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနအနေဖြင့် ဒေသအတွင်း အခြေခံစားသောက်ကုန်များကို စျေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန် ဒေသအတွင်းနေထိုင်သောဝန်ထမ်းများ နှင့် ပြည်သူလူထုများအား စျေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချပေးခြင်းဖြစ်ပါတယ်၊ ဝယ်ယူရောင်းချနိုင်တဲ့နေရာကတော့မြို့နယ်မှာဆိုရင် မြို့နယ်သမဝါယမအသင်းစုတွေမှာ လက်လီလက်ကားဝယ်ယူရောင်းချနိုင်ပါတယ်။ရပ်ကွက်/ကျေးရွာတွေမှာဆိုရင် သမဝါယမအသင်းကုန်စုံဆိုင်ဖွင့်လှစ်ထားပြီးဝယ်ယူနိုင်ပါတယ်။ဝန်ထမ်းများအတွက် တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနကနေ တစ်ဆင့်ဌာနအရောက်ရောင်းချပေးခဲ့ပါတယ်။မြို့နယ်မှာဆိုရင်သမဝါယမ ဦးစီးဌာန ကနေတစ်ဆင့် ဝယ်ယူနိုင်ပါတယ်”ဟု တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်စိုးမင်း က ပြောကြားသည်။

သမဝါယမဦးစီးဌာန က ဒေသအတွင်း ဝန်ထမ်းများနှင့်ပြည်သူများအား ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၃၀၊ ဇီယာဆန် (မော်လမြိုင်) ၁၂ ပြည်ဝင်တစ်အိတ်လျှင် ၁၅၅၀၀ကျပ်၊ ပေါ်ဆန်းဆန်(မော်လမြိုင်) ၂၅၀၀၀ကျပ်၊ဇီယာဆန်(ဧရာဝတီ) ၁၅၅၀၀ ကျပ်၊ ပေါ်ဆန်းဆန်(ဧရာဝတီ)၂၆၀၀၀ ကျပ်၊ မြေပဲဆီသန့် တစ်လီတာလျှင် ၃၉၀၀ ကျပ်၊ ပုဇွန်ဆီသန့် တစ်လီတာလျှင် ၃၀၀၀ ကျပ်၊ပုဇွန်ဆီသန့်နှစ်လီတာလျှင် ၅၉၀၀ ကျပ် ၊ကြက်သွန်ဖြူ/နီစသည့်တို့ကို သက်ဆိုင်ရာမြို့နယ်များအရောက် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိရပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအနေဖြင့် ပြည်သူများ၏ စားဝတ် နေရေးအထောက် အကူ ပြုစေရန် ဆက်လက်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)