နောင်ချို နိုဝင်ဘာ ၃
ရှမ်းပြည်နယ် ( မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ် ၊ဘန့်ဘွေးကျေးရွာရှိ “ကရုဏာ” အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များကို နိုဝင်ဘာလ (၁) ရက်နေ့မှ စတင် ထုတ်လုပ်နေပြီဖြစ်ကြောင်း ဘန့်ဘွေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဘန့်ဘွေးကျေးရွာ “ ကရုဏာ” အောက်ဆီဂျင်စက်ရုံကို ဘန့်ဘွေးကျောင်း ဦးစီးပဓာနနာယက ဆရာ တော် ၊ ဘန့်ဘွေးကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကရုဏာအခမဲ့လူမှုကူညီရေးအသင်းတို့၏ ဦးဆောင်လှူဒါန်းမှု၊ အလှူရှင်အသီးသီး၏လှူဒါန်းမှုတို့ဖြင့် ဘန့်ဘွေးကျောင်းတိုက်ဥပစာအတွင်း ဆောက်လုပ်ခဲ့ပြီး အောက်တိုဘာ လ ၂၁ ရက်နေ့တွင် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ အဆိုပါ စက်ရုံမှ နိုဝင်ဘာလ (၁) ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ကစ၍ စက်လည်ပတ်ကာ အောက်ဆီဂျင်များ ထုတ်လုပ်လျက်ရှိကြောင်း၊ ၁ နာရီလျှင် အောက်ဆီဂျင် (၄၀)လီတာအိုး (၈)လုံး ထွက်ရှိကြောင်း၊ အဆိုပါ စက်ရုံမှ ထွက်ရှိသော အောက်ဆီ ဂျင်များကို တစ်မြို့နယ်လုံးရှိ လိုအပ်သော လူနာများ လုံလောက်စွာ သုံးစွဲနိုင်မည် ဖြစ်ကြောင်း ၊ အောက်ဆီဂျင် လိုအပ်ချက်အပေါ် မူတည်၍ လိုအပ်ပါက လိုအပ်သလို ၂၄ နာရီစက်လည်ပတ်၍ အောက်ဆီဂျင်များ ထုတ်လုပ် ပေးသွားမည်ဖြစ်ကြောင်း ဘန့်ဘွေးကျေးရွာအုပ်စု အု်ပချုပ်ရေးမှူးထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)


