ပဲခူး နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအား ဖော်ထုတ်၍ စိုက်ပျိုးမြေအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး ထုတ်ကုန်များ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်ခွင့်ပြု ချထားပေးရာတွင် ဒေသခံပြည်သူ၊ စိုက်ပျိုးမြေမရှိသူနှင့် မိရိုးဖလာ ဓါးမဦးချ လုပ်ကိုင်နေသူများကို ဦးစားပေး ခွင့်ပြုချထားပေးသွားရမှာဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား စိုက်ပျိုးမြေအဖြစ် အသုံးပြုရန် လျှောက်ထားမှုသာမက မွေးမြူရေးလုပ်ငန်းများအတွက် လျှောက်ထားလာပါက သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုချထားပေးသွားမည်ဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့် လျှောက်ထားမှုများတွင် အခြားရည်ရွယ်ချက်ဖြင့် အမှန်တကယ် လုပ်ကိုင်ခြင်းမရှိဘဲ မြေနေရာဦးထားခြင်းမျိုး မဖြစ်စေရန်နှင့် ယခင်ခွင့်ပြုချထားပေးထားခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့် ခွင့်ပြုနေရာများတွင် မူလသတ်မှတ် စည်းကမ်းချက်များအတိုင်း စိုက်ပျိုးလုပ်ကိုင်ခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်တင်ပြပေးရန် ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြလျှောက်ထားလာသည့် အမှုတွဲများနှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုအပေါ် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တင်စိုး(ပဲခူး)


