နေပြည်တော် နိုဝင်ဘာ ၃
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်သည်။
ယခုအစည်းအဝေးသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (ကာလတို)၏ ပထမဆုံး အစည်းအဝေးဖြစ်ပြီး ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၉) ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများ၌ လုပ်ငန်းသစ် (၁၃) ခု ကို ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ (၂၀၄ ဒသမ ၈၃၈) သန်းနှင့် ကျပ်သန်း (၂၂၅,၅၂၀ ဒသမ ၀၁၅) ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂,၉၇၂) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ယခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအရ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ဖြစ်ပြီး ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများရှိနေချိန်တွင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ပမာဏ ၃ ဒသမ ၈ ဘီလီယံနီးပါး အထိဝင်ရောက်ခဲ့ပြီး လျာထားချက်၏ ၆၅ ရာခိုင်နှုန်း ကျော်ရရှိခဲ့သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၁ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၁၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၂၆ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
သတင်းစဉ်


