နေပြည်တော်  နိုဝင်ဘာ  ၃

 

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီအစည်းအဝေး (၁၅/၂၀၂၁) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးချစ်နိုင်၊ ဒေါက်တာသက်သက်ခိုင်နှင့် ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့်  ဝန်ဆောင်မှုရေးရာ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက်အစည်းအဝေးသို့ တက်ရောက်ကြသည့် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ကော်မတီသို့ ပြည်ထောင်စုဝန်ကြီးဌာနများမှ ပေးပို့တင်ပြလာသည့် အမှာစာကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ ကော်မတီဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးဌာနများမှ တင်ပြလာသည့် အမှာစာကိစ္စရပ်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးသို့ ဆက်လက်တင်ပြရန် ကိစ္စရပ်များနှင့်  ကော်မတီ၏အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန် ကိစ္စရပ်များကို အတည်ပြုသည်။

 

ယင်းနောက် အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၁) တွင် ကော်မတီဝင်များ၏ တင်ပြဆွေးနွေးချက်များအပေါ် အစည်းအဝေး ဆုံးဖြတ်ချက်ပါ ဆောင်ရွက်ရန်ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်းတို့က ပြန်လည်ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို  ရုပ်သိမ်း လိုက်သည်။

 

သတင်းစဉ်