နေပြည်တော် နိုဝင်ဘာ ၃

 

မြန်မာနိုင်ငံ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးအဖြေရှာ စကားဝိုင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဝါမှထုတ်လုပ်သော အဝတ်အထည်အသုံး အဆောင်များ ထုတ်လုပ်ရန် လိုအပ်ချက်မှာ လူဦးရေ ၅၄ သန်းအတွက် ဝါပိဿာ သန်းပေါင်း (၃၅၀) ကျော် လိုအပ်မည်ဖြစ်၍ နိုင်ငံအတွင်း ဝတ်ရေးဖူလုံစေရေးအတွက် ဝါသီးနှံတိုးတက် စိုက်ပျိုးထုတ်လုပ်မှု ရည်မှန်းချက်ကို စိုက်ဧရိယာဧက (၇) သိန်း စိုက်ပျိုးထုတ်လုပ်ရေး နှင့် တစ်ဧကလျင် ပျမ်းမျှ ဝါပိဿာ (၅၀၀) နှုန်း ရရှိပြီး စုစုပေါင်း ဝါထုတ်လုပ်မှု တန်ချိန် (၅ ဒသမ ၆) သိန်းကျော် ရရှိရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်ရေးအတွက် ဆွေးနွေးကြရန် ဖြစ်ကြောင်း၊ ယနေ့ကျင်းပ ပြုလုပ်သော စကားဝိုင်း၌ ဝါသီးနှံကဏ္ဍ တစ်ခုလုံး  ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ စိုက်ပျိုးထုတ်လုပ် သူတောင်သူများအား နည်းပညာ ပံ့ပိုးပေးရေး၊ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး၊ ဈေးနှုန်း ဈေးကွက် ခိုင်မာရေး၊ မူဝါဒများ ချမှတ်နိုင်ရေးနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးတို့အတွက် ရှုထောင့် အသီးသီးက ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း။

 

ဈေးကွက် လိုအပ်ချက်နှင့်အညီ အရည်အသွေးပြည့်မီသော ဝါနှင့်ဝါထွက်ပစ္စည်းများ ထုတ်လုပ် ရောင်းချနိုင်ရန် အခြေခံကျသော သွင်းအားစုများ အရည်အသွေး ပြည့်မီရေးနှင့် လုံလောက်စွာရရှိရေး၊ စိုက်ပျိုးနည်းစနစ်များ ခေတ်မီတိုးတက်ရေး၊ အရည်အသွေး စစ်ဆေးရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေးတို့ကို သက်ဆိုင်ရာ ဦးစီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ စက်မှုပိုင်းဆိုင်ရာ ခေတ်မီနည်းပညာနှင့် ရင်းနှီးမြှုပ်နှံ အဆင့်မြှင့်တင်မှု လိုအပ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် အကြံပြု ဆွေးနွေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

အဆိုပါ စကားဝိုင်း အစီအစဉ်ကို ယနေ့ တတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

 

မြန်မာနိုင်ငံတွင် ၁၉၉၅ - ၁၉၉၆ ခုနှစ်မှ ၂၀၁၀ - ၂၀၁၁ ခုနှစ်အတွင်း နှစ်စဉ် ဝါသီးနှံ ဧက (၇) သိန်းမှ (၈) သိန်းကျော် အထိ စိုက်ပျိုးခဲ့ပြီး  ၂၀၁၁-၂၀၁၂ ခုနှစ်နောက်ပိုင်းမှစ၍ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု သိသိသာသာ လျော့ကျလာကာ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် စိုက်ဧက (၄) သိန်းခန့်သာ စိုက်ပျိုး ထုတ်လုပ်ခဲ့ကြောင်း၊ နည်းပညာပိုင်းတွင် အဓိက ဝါသီးလုံးဖောက်ပိုးဒဏ် ခံနိုင်သည့် မျိုးများကို ထုတ်ပေး နိုင်ခဲ့သဖြင့် ဝါအထွက်နှုန်းများ ပိဿာ၂၀၀ ခန့် မှ ၄၅၀ ပိဿာ ခန့် အထိ ၂ ဆကျော် တက်လာခဲ့သော်လည်း တောင်သူများ၏ ဝါစိုက်ပျိုးလိုမှုနှင့် ရေရှည်တည်တံ့ ခိုင်မာသော ဝါစိုက်ပျိုးရေး ဖြစ်လာစေရေး ဆောင်ရွက်ရန် လိုအပ်လျက်ရှိ နေကြောင်း  သိရသည်။

 

ဝါသီးနှံသည် အဝတ်အထည်ပစ္စည်း ထုတ်လုပ်မှုအတွက် သာမက ပြည်တွင်း ဆီဖူလုံရေးတွက် စားသုံးဆီ နှင့် စက်မှုလုပ်ငန်းသုံးဆီ ကိုဝါစေ့မှ ထုတ်ယူနိုင်ပြီး ဝါစေ့ကြိတ်ဖတ်များကို အသားထုတ်လုပ်မှု တိုးတက်ရေးအတွက် တိရစ္ဆာန်အစာအဖြစ်ပါ အသုံးပြုနိုင်၍ စီးပွားရေးအရ အရေးပါသော သီးနှံတစ်ခု ဖြစ်ကြောင်း၊ ဝါပိဿာ (၁၀၀) ကို စက်စွမ်းအားပြည့် ကြိတ်ခွဲပါက ဝါဂွမ်း (၃၆) ပိဿာ၊ ဝါစေ့ (၆၄) ပိဿာ ရရှိပြီး ၊ ဝါစေ့ပဿာ (၁၀၀) ကို ကြိတ်ခွဲပါက ဝါစေ့ဆီကြည် (၈ ဒသမ ၂)  ပိဿာ၊ ဝါစေ့ဆီချေး  (၂ ဒသမ ၇၃) ပိဿာ ၊ အစေ့ကပ်ဂွမ်း (၆ ဒသမ ၂၅) ပိဿာ နှင့် ဝါစေ့ကြိတ်ဖတ် (၈၂ ဒသမ ၈၁) ပိဿာ ရရှိမည် ဖြစ်၍ အဆိုပါ ထုတ်ကုန်ကို သက်ဆိုင်ရာ စက်မှုကုန်ထုတ်လုပ်ငန်းများက တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် အလေအလွင့်မရှိ ထုတ်လုပ်နိုင်ကြစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးနှင့် ရေရှည်တည်တံ့သော ဝါစိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက်ဖော်ဆောင်နိုင်ရေး လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်