ရန်ကုန် နိုဝင်ဘာ ၄

 

ကိုဗစ်ကာလ အများပြည်သူများ၏ ကျန်းမာရေးကို ရှေးရှုသည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဈေးများအား ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားရာ ယခုအခါ တစ်နိုင်ငံလုံးနီးပါး ကိုဗစ်-၁၉ ရောဂါကို အတော်အသင့် ထိန်းချုပ်နိုင်ပြီဖြစ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လက်အောက်ရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်မှ ဈေးပေါင်း ၁၈၄ ဈေးနှင့် ပုဂ္ဂလိကပိုင်ဈေးပေါင်း ၉၂ ဈေးကို နိုဝင်ဘာ ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။

 

နိုဝင်ဘာ ၁ ရက်ကစပြီး ဈေးတွေပြန်ဖွင့်ပြီဆိုတဲ့အကြောင်း ဈေးအသီးသီးက ဗီနိုင်းများ၊ ပိုစတာများ ချိတ်ဆွဲပြီးအသိပေးထားကြပါတယ်။ အရင်တုန်းကဈေးတွေ ပိတ်ထားတယ်ဆိုပေမယ့် ဆေးဝါး နဲ့ အခြေခံစားသောက်ကုန်တွေ တွဲဖက်ပါဝင်ရောင်းချတဲ့ဈေးက ဆိုင်ခန်းတွေကိုတော့ ဖွင့်ခွင့်ပြုထားပါတယ်။ နိုဝင်ဘာ ၁ ရက်ကစပြီး အရင်အတိုင်း ရောင်းကုန်တွေကို ကန့်သတ်ချက် မရှိတော့ဘဲ အကုန်ဖွင့်ခွင့်ပြုလိုက်တာပါ။ ဈေးတွေမှာ လိုက်နာရမယ့် ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားတဲ့ Version 3.1 နဲ့အညီ ဖွင့်ခွင့်ပြုလိုက်ပါတယ်”ဟု ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်၌ ဈေးစုစုပေါင်း ၁၈၄ ဈေးရှိရာ အရှေ့ပိုင်းခရိုင်၌ ၅၄ ဈေး၊ အနောက်ပိုင်းခရိုင်၌ ၂၈ ဈေး၊ တောင်ပိုင်းခရိုင်၌ ၄၁ ဈေးနှင့် မြောက်ပိုင်းခရိုင်၌ ၆၁ ဈေးရှိပြီး ပုဂ္ဂလိကပိုင်ဈေးပေါင်း ၉၂ ဈေးရှိကြောင်း၊ တရားဝင် ယာယီပိတ်ထားသောဈေးများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ဈေးများဖွင့်လှစ်ပြီဆိုပါက တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာဖြင့် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရန် ခက်ခဲသည့်အတွက်ကြောင့် ရောဂါ ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန် လိုအပ်ပြီး ဈေးရောင်းသူနှင့်ဝယ်ယူသူ ပြည်သူများအနေဖြင့် သတ်မှတ်စည်းကမ်းများနှင့်အညီ ရောဂါကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သတိပေး ထုတ်ပြန်ထားကြောင်း သိရသည်။

 

အာကာစိုး