နှင်းမိုးအိမ်

 

တာလီဘန်တို့ ကဘူးလ်မြို့ကို ထိန်းချုပ်ပြီးနောက် လအနည်းငယ်အကြာတွင် အာဖဂန်နစ္စတန်နိုင်ငံ၌ လုံခြုံရေးကို ပြန်လည်ထိန်းသိမ်းသွားမည်ဟု ကတိပြုခဲ့သည်။ အာဖဂန်နိုင်ငံသား အများစုသည် မမြင်ရသည့် ရန်သူများကို ကြောက်ရွံ့နေရသည်။ အထူးသဖြင့် အိုင်အက်စ်တို့၏ တိုက်ခိုက်မှုများကို ကြောက်ရွံ့နေကြခြင်းဖြစ်သည်။ အမေရိကန်တို့ ကျောထောက်နောက်ခံ ပေးခဲ့သည့် ယခုဖြုတ်ချခံထားရသည့် အာဖဂန်အစိုးရကို တာလီဘန်များ တိုက်ခိုက်စဉ်က အသုံးပြုခဲ့သည့် နည်းလမ်းများအတိုင်းပင် အိုင်အက်စ်တို့က ပုံတူကူးကာ လုပ်ဆောင်လျက်ရှိသည်။ သေနတ်ပစ်ခတ်မှုနှင့် အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ နိုဝင်ဘာ ၂ ရက် က ကဘူးလ်မြို့ စစ်ဘက်ဆိုင်ရာ ဆေးရုံတွင် ဖြစ်ပွားခဲ့သည်။

 

အသေခံဗုံးခွဲမှုကျူးလွန်

 

တိုက်ခိုက်မှုဖြစ်ပွားပြီး တစ်ရက်အကြာတွင် လမ်းမပေါ်၌ ပေကျံနေသည့် သွေးများကို ဆေးကြောနေသည့် မြင်ကွင်းကို တွေ့မြင်ရသည်။ တာလီဘန် တိုက်ခိုက်ရေးသမားတစ်ဦးသည် အခင်း ဖြစ်ပွားရာနေရာမှ အနိဋ္ဌာရုံများကို ပြသနေသည်။

 

အိုင်အက်စ် - ကေ ဟု အမည်ပေးထားသည့် ဒေသတွင်း အိုင်အက်စ်အုပ်စုတစ်စုက ယခုလို အသေခံဗုံးခွဲမှုနှင့် တိုက်ခိုက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး လူ ၁၉ ဦး သေဆုံးခဲ့ရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် တာလီဘန်တို့က ဘာဒရီအထူးတပ်ဖွဲ့ ကို စစ်ဆင်ရေးဆင်နွှဲရန် တာဝန်ပေးခဲ့ပြီး အင်အားပြသသည့်အနေဖြင့် ရဟတ်ယာဉ်အဖွဲ့ တစ်ဖွဲ့ကိုလည်း တပ်ဖြန့်ချထားခဲ့သည်။

 

အကြံပြုချက်ကို အရေးမစိုက်

 

ကဘူးလ်မြို့ လုံခြုံရေးအကြီးအကဲဖြစ်သူ ဟမ်ဒူလာ မော့ခ်ခါလစ်နှင့် အခြားသော တာလီဘန် သုံးဦးမှာလည်း စစ်သွေးကြွများနှင့် တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည်။

 

ဆေးရုံ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးကမူ အဆောက်အအုံအပြင်ဘက်ရှိ ယာဉ်သွားယာဉ်လာများကို ကြပ်မတ်ပေးရန် တာလီဘန်များကို သတိပေးခဲ့ကြောင်း၊ အတိတ်ကာလတုန်းကလည်း အဆိုပါဆေးရုံမှာ မကြာခဏဆိုသလို ပစ်မှတ်ထားကာ တိုက်ခိုက်ခြင်းခံရကြောင်း ပြောကြားခဲ့သည်။

 

သို့သော်လည်း တာလီဘန်များက ၎င်း၏ အကြံပြုချက်ကို အရေးမစိုက်ဟုလည်း ဆေးရုံဝန်ထမ်းတစ်ဦး က ဆိုသည်။

 

မည်သို့ကိုင်တွယ်ရမည်ကို ကောင်းကောင်းမသိ

 

လက်ရှိအခြေအနေများကို မည်သို့ကိုင်တွယ်ရမည်ကိုလည်း ဆေးရုံဝန်ထမ်းများ ကောင်းကောင်း မသိကြဟု ၎င်းက ဆက်ပြောသည်။ ဒုတိယအကြိမ် ပေါက်ကွဲမှုအတွင်း မီးတောက်ထဲတွင် ကားလေးစီး မီးလောင်နေသည်ကို တွေ့မြင်ရသည်။ သို့သော်လည်း မီးသတ်သမားကို ခေါ်ရကောင်းမှန်း သူတို့ မသိကြ။ သူတို့ထံတွင်လည်း မီးသတ်စခန်း ဖုန်းနံပါတ်မရှိကြ။

 

ပို၍ ကြောက်စရာကောင်း

 

အဆိုပါဆေးရုံသည် ၂၀၁၇ ခုနှစ်ကလည်း တိုက်ခိုက်ခံရပြီး အိုင်အက်စ်-ကေအေ ဟု အမည်ပေးထားသည့် အဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ခြောက်နာရီကြာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ ပြီး စစ်သွေးကြွများသည် အခန်းများအတွင်း ဝင်ထွက်ကာ လူနာများကို သတ်ဖြတ်ခဲ့သည်။

 

အိုင်အက်စ်များသည် တာလီဘန်များကဲ့သို့ပင် ဖြစ်သော်လည်း တာလီဘန်များထက်ပို၍ ဆိုးရွားသည်ဟု ဆရာဝန်တစ်ဦးက ပြောသည်။ ၎င်းတို့ နှစ်ဖွဲ့ကြား ခြားနားမှုကို ရှာမတွေ့ဟုလည်း ၎င်းက ဆက်ပြောသည်။ အချို့သောသူများက အိုင်အက်စ်ကေများသည် တာလီဘန်များထက် ပို၍ကြောက် စရာကောင်းသည်ဟု ပြောသည်။ အိုင်အက်စ် -ကေ များသည် ပိုမိုရှုပ်ထွေးသည့်  နည်းလမ်းများ၊ ဗုံးခွဲမှု နည်းလမ်းများကို သိသည်ဟုလည်း ပြောကြသည်။

 

ယခင်ကတည်းတွေ့ကြုံဖူး

 

နိုဝင်ဘာ ၂ ရက် တိုက်ခိုက်မှုတွင် မော်တော်ဆိုင်ကယ်မောင်းလာသည့် အသေခံဗုံးခွဲသူသည် ဆေးရုံပင်မဂိတ်ကို ဝင်တိုက်ခဲ့ပြီး ၎င်းနောက်မှပါလာသော သေနတ်သမားသည် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ထို့နောက် မိနစ် ၂၀ အကြာတွင် တာလီဘန်အထူးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြသည်။

 

အသေခံဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့်ကားမှာ တက္ကဆီတစ်စီးနှင့် တူသည်ဟုလည်း မျက်မြင်သက်သေများက ပြောသည်။ ယခင်ကလည်း ယခုလိုနည်းလမ်းများ အသုံးပြုခဲ့သည်ကို မြင်ဖူးကြောင်း နောက်ထပ်ဆရာဝန် တစ်ဦးက ပြောသည်။

 

ပထမတစ်ကြိမ်ပေါက်ကွဲမှုအပြီးတွင် လူများဒဏ်ရာရကာ အတုံးအရုံးလဲကျနေသည်ကို တွေ့မြင်ရကြောင်း၊ သို့သော်လည်း ၎င်းတို့ကို ချက်ချင်းကုသမှု မပေးနိုင်သေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဒုတိယအကြိမ်ပေါက်ကွဲမှုမှာ မကြာမီဖြစ်ပေါ်လာတော့မည်ကို သိထား၍ဖြစ်ကြောင်း ဆရာဝန်တစ်ဦးက ပြောသည်။ ၎င်း ထင်ထားသည့်အတိုင်းပင် ဖြစ်ခဲ့ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

 

လုံခြုံရေးများကိုတင်းကျပ်

 

ပေါက်ကွဲမှုအပြီး နောက်ရက်တွင် လုံခြုံရေးများ တင်းကျပ်ခဲ့သည်။ အမေရိကန်အစိုးရက ကျောထောက်နောက်ခံ ပေးခဲ့သည့် ယခင်အာဖဂန် အစိုးရဟောင်းထံမှ သိမ်းယူထားသည့် လက်နက်ကြီး တပ်ဆင်ထားသော ထရပ်ကားဖြင့် တာလီဘန်များ ကင်းလှည့်နေသည်ကို တွေ့မြင်ရသည်။ ဖြတ်သန်းသွားလာသည့် ကားများကို ရပ်တန့်ကာ ရှာဖွေမှုများ ပြုလုပ်သကဲ့သို့ စာရွက်စာတမ်း စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

 

လုံခြုံစိတ်ချရသည်ဟုမခံစားရ

 

ကုသမှုခံယူရန်အတွက် မြို့တော်သို့ လာခဲ့သည့် ဂျာဂျန်ပြည်နယ်မှလာသော လယ်သမား တစ်ဦးဖြစ်သူ ဟတ်ဇ်ရက်နော်သည် တာလီဘန်တို့ အောင်မြင်မှုအတွက် ကျေနပ်မှုရကြောင်း၊ နှစ်ပေါင်း ၄၀ ကာလအတွင်း တစ်ခါမျှ လုံခြုံစိတ်ချရသည်ဟု မခံစားရကြောင်း ပြောသည်။ ကဘူးလ်မြို့ရှိ စစ်ဘက်ဆိုင်ရာ ဆေးရုံတိုက်ခိုက်ခံရမှုကြောင့် ၁၉ ဦးထက်မနည်း သေဆုံးကာ ၄၃ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းအရင်း အမြစ်အရ သိရသည်။

 

ကုလမှရှုတ်ချ

 

ကုလသမဂ္ဂ အာဖဂန်နစ္စတန်ဆိုင်ရာ လုပ်ငန်းအဖွဲ့ကလည်း အဆိုပါတိုက်ခိုက်မှုကိုရှုတ်ချခဲ့ပြီး အရေးယူပေးရန်လည်း တာဝန်ရှိသူများကို တောင်းဆိုခဲ့သည်။ ဆေးရုံတွင် တိုက်ခိုက်ခံရမှုကို ကုလသမဂ္ဂအနေဖြင့် ရှုတ်ချကြောင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ကုသမှုခံယူနေသည့် လူနာများကို တိုက်ခိုက်ခြင်းမှာ လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထား မှုဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

လုံခြုံရေးဆိုင်ရာ ကတိကဝတ်ကိုလျော့ပါးသွားစေ

 

ဩဂုတ်လအတွင်း တာလီဘန်တို့ အာဖဂန်နစ္စတန်နိုင်ငံကို ထိန်းချုပ်ပြီးနောက် အကြမ်းဖက် တိုက်ခိုက်မှုများ တိုးလာခဲ့ရာ ယခု ဗုံးခွဲတိုက်ခိုက်မှုသည်လည်း တစ်ခုအပါအဝင် ဖြစ်လာသည်။ ဆယ်စုနှစ်များစွာကြာ စစ်ပွဲအပြီးတွင် အာဖဂန် နစ္စတန်နိုင်ငံ၏ လုံခြုံရေး ပြန်လည်တည်ဆောက် မည်ဟု အခိုင်အမာ ပြောဆိုခဲ့သော်လည်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ၎င်းတို့၏ လုံခြုံရေး ဆိုင်ရာကတိကို လျော့ပါးသွားစေသည်။ ။

 

ကိုးကား - အေအက်ဖ်ပီ