သထုံ နိုဝင်ဘာ ၅
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ် လေးမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ လက်ရှိအချိန်အထိ မီးလောင်မှုအကြိမ်ရေ စုစုပေါင်း ၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုများအနက် အများစုမှာ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သထုံခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
"မီးသုံးစွဲတဲ့နေရာမှာ သတိမထားမေ့လျော့တာတွေပေါ့။ ဒါတွေကြောင့် မီးလောင်မှုတွေ ဖြစ်တာပိုများ တယ်။ မီးသတ်တပ်ဖွဲ့အနေနဲ့ မီးလောင်မှုလျော့နည်းအောင် အလေးထားပြီး ဆောင်ရွက်နေသလို ပြည်သူတွေ အနေနဲ့ကလည်း ရှေးဦးမီးငြှိမ်းသတ်နိုင်ဖို့အတွက် လိုအပ်တဲ့ မီးသတ်ဆေးဘူး၊ မီးချိတ်မီးကတ် စတာတွေအိမ်တိုင်းဆောင်ထားဖို့လိုတယ်။ မီးသုံးစွဲတာကို စည်ကမ်းရှိကြမှသာ မီးလောင်မှုတွေလျော့ကျလာမှာပါ" ဟု သထုံခရိုင်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးအောက်ကျော်မြင့်က ပြောသည်။
မီးလောင်မှူဖြစ်စဉ်များတွင် သတင်းပေးပို့နောက်ခြင်း၊ မီးသတ်ယာဉ်အဝင်အထွက်ခက်ခဲခြင်းတို့က မီးသတ်တပ်ဖွဲ့အနေဖြင့် မီးငြိမ်းသတ်ရာ၌ အကန့်အသတ်အခက်အခဲများ ဖြစ်စေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သထုံခရိုင်မီးသတ်တပ်ဖွဲ့အနေဖြင့် မီးလောင်မှု ကြိုတင်ကာကွယ်ရေးအတွက် ရှောင်တခင်စစ်ဆေးခြင်း၊ အသိပညာပေးနှိုးဆော်ခြင်းစသည်တို့အား စဉ်ဆက်မပြတ်ဆောင်ရွက်နေပြီး တပ်ဖွဲ့ဝင်များ အရည်သွေး မြင့်မားရေး၊ နည်းပညာမြင့်မားရေးနှင့် မီးငြှိမ်းသတ်သည့် ပစ္စည်းကိရိယာများ စုံလင်ကောင်းမွန်ရေးတို့ကို အလေးထား ဆောင်ရွက်နေကြောင်းသိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ လက်ရှိအချိန်အထိ ကျိုက်ထိုမြို့နယ်တွင် မီးလောင်မှု ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီးက ၄ ကြိမ်၊ ဘီးလင်းမြို့နယ်တွင် မီးလောင်မှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီး ၁ ကြိမ်၊ သထုံမြို့နယ်တွင် မီးလောင်မှု ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီး ၂ ကြိမ်၊ ပေါင်မြို့နယ်တွင် မီးလောင်မှု ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီး ၃ ကြိမ် ဖြစ်ပွားခဲ့ကာ အဆိုပါ မီးလောင်မှုများကြောင့် တန်ဖိုး ငွေကျပ် ၇၃ သိန်းကျော်ခန့် ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကိုကိုဦး(ပြန်/ဆက်)


