ရန်ကုန်   နိုဝင်ဘာ   ၄

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ခြေစစ်ပွဲအောင်မြင်ထားသည့် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် နိုဝင်ဘာဒုတိယပတ်တွင် စတင်ပြင်ဆင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၂ အာရှ ဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ်များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းအနေဖြင့် နှစ်လကျော် အချိန်ယူပြင်ဆင်သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ခြေစစ်ပွဲယှဉ်ပြိုင်ကစားခဲ့သည့် ကစားသမားများကိုအခြေခံကာ ပဏာမကစားသမား ၂၅ ဦးဖြင့် စတင် ပြင်ဆင်မည်ဖြစ်သည်။

ရုန်းကန်ရဖွယ်ရှိ မြန်မာအမျိုးသမီးအသင်းသည် နောက်ဆုံးအဆင့်ပြိုင်ပွဲ အုပ်စု မဲခွဲမှုအရ အုပ်စု(C)တွင် လက်ရှိချန်ပီယံ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့နှင့် ကျရောက်နေပြီး ကွာတားဖိုင်နယ် တက်ရောက်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ အခြားအုပ်စုတွင် အုပ်စု(A)၌ အိမ်ရှင် အိန္ဒိယ၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ အီရန်၊ အုပ်စု(B)၌ သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့ ပါဝင်နေ သည်။

ကိုညီလေး