မြင်းမူ- နိုဝင်ဘာလ(၅)ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်အတွင်းထွက်ရှိပြီး ဈေးကွက်တင် ရောင်းချလျှက်ရှိသော ကြက်သွန်နီဈေးမှာယခုအခါအနည်းငယ်ကျဆင်းလျှက်ရှိကြောင်း ဒေသခံ တောင်သူများထံမှသိရှိရသည်။

ကြက်သွန်စိုက်ပျိုးရာတွင်(၁)ဧကလျှင် ငွေကျပ်(၁၀)သိန်းကျော်ကုန်ကျကြောင်း၊ စိုက်ပျိုး ပြီး(၄)လအကြာတွင် တူးဖေါ်ရကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧကလျှင် ကြက်သွန်အချိန်(၅၀၀၀)အထိ ရရှိနိုင်ကြောင်း၊ သို့ရာတွင်ကြက်သွန်ဈေးမှာနှစ်စဉ်တည်ငြိမ်မှုမရှိကြောင်း၊ ပြည်ပဝယ်လက်များ ရှိသည့်နှစ်များတွင် (၁)ပိသာလျှင်ငွေကျပ်(၁၀၀၀)အထက်ထိရရှိကြောင်း၊   (၁၀၀၀)ကျပ်နှုန်း ရောင်းချရပါက(၁)ဧကလျှင် သိန်း(၅၀)ရရှိမည်ဖြစ်၍  မိမိတို့အတွက်အကျိုးအမြတ်သိန်း(၄၀)ခန့် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခင်(၁)လခန့်က   ကြက်သွန်နီ(၁)ပိသာလျှင် (၇၀၀)ကျပ်မှ(၈၀၀)ကျပ်အထိ ဈေးရရှိခဲ့သော်လည်း ယခုအခါ(ရှယ်) ကြက်သွန်(၁)ပိသာလျှင်(၅၀၀)ဈေးနှင့်   ဗြွန်(၁)ပိသာလျှင် (၃၅၀)ကျပ်ဈေးသာ ရောင်းချရကြောင်းနှင့်   ဝယ်လက်အနည်းငယ်သာရှိကြောင်း၊   မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှ ကြက်သွန်စိုက်ပျိုးရောင်းရောင်းချသူ ဦးမောင်စန်းထံမှသိရှိရသည်။

     မြင်းမူမြို့နယ်အတွင်းရှိ  ထီးဆောင်းကျေးရွာ၊  ခြေယာတော်ကျေးရွာ၊  ကျော့မင်းကျေးရွာ အလ္လကပ္ပကျေးရွာနှင့် ပဲကူကျေးရွာတို့မှာနှစ်စဉ် ကြက်သွန်နီကိုအဓိကထားကာ စီးပွားဖြစ်စိုက်ပျိုး ကြသော ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)