ပခုက္ကူ နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁ရက်မှ စတင်ပြီး ဆောင်ရွက်ကြရာ ယနေ့အထိ အသက်၂လမှ ၁၈လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်စုစုပေါင်း ၅၄၄ဦးအား ထိုးနှံပြီးစီးကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေး ဌာနခွဲ(၁)နှင့်(၂)တို့တွင် နိုဝင်ဘာလ၁ရက်နေ့မှ စတင်ပြီး အသက်(၂)လမှ(၁၈)အတွင်း ကလေးငယ်(၄၃၄)ဦးအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်(၁၁၀)ဦးအား မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၅ရက်အထိ စုစုပေါင်း ၅၄၄ဦးတို့အား ပုံမှန်ကာကွယ်ဆေး ထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာအုပ်စုများတွင် ဆေးထိုးစုရပ်နေရာသတ်မှတ်ကာ နယ်မြေခံကျန်းမာရေးဝန် ထမ်းများက လစဉ်ပုံမှန်လှည့်လည်ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးရသေးသည့် ကလေးငယ်များကို ဆေးထိုးစုရပ်များတွင် လာရောက်ထိုးနှံကြရန်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကျန်မာရေးနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ရန်နှင့် ရောဂါလက္ခဏာတစ်ခုခု ဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံးသွား ရောက်ပြသရန် လိုအပ်ကြောင်းတို့ကို အသိပညာပေး ဆောင်ရွက်ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


