ပခုက္ကူ  နိုဝင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် နိုဝင်ဘာလ ၁ရက်နေ့မှစတင်ပြီး အခြေခံပညာကျောင်းများ ဖွင့်လှစ်သင် ကြားပေးလျက်ရှိရာ ကျောင်းပြန်လည်တက်ရောက်သည့် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များအနက် မှ  (၆၀၀)ဦးတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပြီးစီးကြောင်း သိရသည်။ 

အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးထိန်လင်းသိန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့်ဝန်ထမ်း များက အသက်၁၂နှစ်အထက်ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံပေးသည့် အောက်တိုဘာလ ၁၇ရက်မှစတင်ပြီး အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားခြင်းမရှိသူများအား  အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာ ယနေ့အချိန်ထိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းများမှ ကျောင်းသား ၂၅၇ဦး၊ ကျောင်းသူ ၃၄၃ဦး စုစုပေါင်းနိုင်ငံသားစိစစ်ရေးကတ်ပြား ၆၀၀ ကတ် အား ဆောင်ရွက်ပြီးစီးကြောင်း၊ ကျန်ရှိနေသည့် ကျောင်းသား၊ကျောင်းသူများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက ပြောပြသည်။

ထို့အပြင် ပခုက္ကူမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၄၁ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၇၇ကျောင်း၊ မူလတန်းကျောင်း၁၀၅ကျောင်း စုစုပေါင်း၂၂၃ကျောင်းရှိပြီး မူလတန်းအဆင့်  ၅၆၈၉ဦး၊ အလယ်တန်းနှင့်အထက် တန်းအဆင့် ၄၆၃၇ဦး၊ စုစုပေါင်းကျောင်းသား၊ကျောင်းသူ ၁၀၃၂၆ဦးတို့မှာ ကျောင်းဖွင့်လှစ်သည့်ရက်မှစ၍ ယနေ့အချိန်ထိ  ကျောင်းပညာရပ်များကို စိတ်အေးချမ်းသာစွာ သင်ကြားလျက်ရှိကြကြောင်း မြို့နယ်ပညာရေးမှူးထံက သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)