ရန်ကုန် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအတွင်းမြို့နယ်များရှိ စည်ပင်သာယာဈေးများအတွင်း စွန့်ပစ် အမှိုက်လျှော့ချရေး စီမံဆောင်ရွက်နေမှုနှင့် ရေစီးရေလာကောင်းမွန်ရေး၊ စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၀) ရပ်ကွက်ရှိ ဒဂုံရွှေပြည်စျေးသို့သွားရောက်၍ စျေးအတွင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ စျေးရောင်း၊ စျေးဝယ် ပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၇) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဘဲတန်းချောင်းကူးတံတားသို့ သွားရောက်၍ ကောက်ကွေ့သည့် ချောင်းလမ်းကြောင်းအား တစ်ဖြောင့်တည်းဖြစ်စေရန် တူးဖော်ဖောက် လုပ်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်ကွင်းနှင့် ရေကူး ကန်သို့ သွားရောက်၍ ရေကူးကန် ပြန်လည်ဖွင့်လှစ်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံသီရိ ပန်းခြံဘေးတွင် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ EM Bokashi မြေဩဇာ ထုတ်လုပ်ရန် စွန့်ပစ် သစ်ပင်အကိုင်းအခက်များကို ကြိတ်ခွဲစက်နှစ်လုံးဖြင့် ခုတ်၊ ဖြတ်၊ ခွဲနေမှုကို လည်းကောင်း၊ ဒဂုံသီရိပန်းခြံ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီး သင်္ဃန်းကျွန်း ကွန်ကရိဖျော်စက်ရှေ့မှ ကားကြီးဂိတ်အထိ အရှည် ၁၄၀၂ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ကွန်ကရိလမ်းသား တိုးချဲ့နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် တောင်ဥက္ကလာပ မြို့နယ်၊ (၄) ရပ်ကွက်၊ ဗြဟ္မစိုရ် လမ်းရှိ ပတ္တမြားစျေးသို့သွားရောက်၍ ရောင်းဝယ်ဖောက်ကားနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


