ကျောက်မဲ နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ မင်္ဂလာဈေးအတွင်းဈေးရောင်းချသူများနှင့် ရွှေဖီဦး၊ ပတ္တမြားလမ်းရှိ နံနက်ခင်းဈေးများ၌ ဈေးရောင်းချနေသည့် ပျံကျဈေးသည်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကို RDT Test Kit ဖြင့် အဆိုပါမင်္ဂလာဈေး၌ ယနေ့နံနက် ၈ နာရီ အချိန်က အခမဲ့ စစ်ဆေးပေးခဲ့ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။ 

ဈေးရောင်းချသူများမှ တဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက်ရည်ရွယ်၍ မြို့နယ် ကိုဗစ်၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ အစီအစဉ်ဖြင့် မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ များမှတာဝန်ရှိသူများနှင့်  ကျန်းမာရေး ဝန်ထမ်းများက ယနေ့တွင် ဈေးရောင်းချသူ ၂၄၄ ဦးကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ မရှိကြောင်း သိရသည်။အလားတူ အောက်တိုဘာ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင် ကျောက်မဲမြို့နယ်၊  ဗဟိုဈေးကြီးအတွင်း ဈေးရောင်းချနေသူ ၃၈၃ ဦးအား   စစ်ဆေးခဲ့ရာ ကိုဗစ် ၁၉ ရောဂါပိုး ဖြစ်ပွားသူ ၂ ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ စစ်ဆေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးစိုးညွန့်ရွှေက  ကွင်းဆင်းကြည့်ရှုပြီး ကာကွယ်ဆေး ထိုးနှံခြင်း မရှိသေးသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြရန် တိုက်တွန်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)