နေပြည်တော် နိုဝင်ဘာ ၅
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသော လူသားအရင်းအမြစ်သည် အဓိကအခန်းကဏ္ဍက ပါဝင်နေပါကြောင်း၊ ဘွဲ့ကြို ဘွဲ့လွန်နှင့် ပါရဂူသင်တန်းများအနေဖြင့် ပုံမှန်သင်ကြား သင်ယူမှုလုပ်ငန်းများအပြင် နိုင်ငံတကာ၏ နောက်ဆုံးပေါ် နည်းပညာရပ်များကို မျက်ခြေမပြတ် လေ့လာနိုင်ရေး သည် ခေတ်မီစာကြည့်တိုက်များအပေါ် များစွာတည်မီနေပါကြောင်း၊ ပြည်တွင်း ပြည်ပပညာရှင်များ၏ စာအုပ်စာတမ်းများ၊ သုတေသနစာတမ်းများ၊ နည်းပညာရပ်ဆိုင်ရာ စာအုပ်စာစောင်များကို လက်လှမ်းတမီ လွယ်ကူစွာလေ့လာနိုင်ရေးအတွက် တက္ကသိုလ်စာကြည့်တိုက်များ အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း ယနေ့တွင် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးနှင့် ကုသရေးဆိုင်ရာဆေးတက္ကသိုလ်များ၏ စာကြည့်တိုက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တာဝန်ရှိသူများကို ဆွေးနွေးပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်-လန်ချန်း အစီအစဉ်ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိသော စိုက်ပျိုးရေးတက္ကသိုလ် စာကြည့်တိုက်၊ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့်ဗဟိုဌာန (ACARE) စာကြည့်တိုက် နှင့် မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ ဆေးတက္ကသိုလ် စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ထားမှု များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်စာကြည့်တိုက်များတွင်ရှိနေသည့် ရှားပါး စာအုပ်များကို ဒီဂျစ်တယ်စနစ်အဖြစ် ပြောင်းလဲသိမ်းဆည်းနိုင်ရေး၊ သုတေသနစာတမ်းများ၊ ပညာရပ်ဆိုင်ရာ စာအုပ် စာစောင်များနှင့် နည်းပညာရပ်ဆိုင်ရာ လေ့လာဖွယ်ရာများကို ပိုမိုကျယ်ပြန့်စွာ လေ့လာနိုင်ရေးအတွက် တက္ကသိုလ်စာကြည့်တိုက်များ အချင်းချင်းအကြား နက်ဝပ်ချိတ်ဆက်ဆောင်ရွက်ရေးနှင့် နိုင်ငံတကာ စာကြည့်တိုက်များနှင့် ချိတ်ဆက်နိုင်ရေး တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ ကျောင်းဧရိယာ အတွင်း အင်တာနက် ကွန်ယက် အခမဲ့အသုံးပြုနိုင်ရေးနှင့် စာကြည့်တိုက်များသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ရေး ၊ သက်ဆိုင်ရာဒေသများတွင် လုပ်ငန်းခွင်လက်တွေ့သင်တန်း ဝင်နေကြသည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် စာကြည့်တိုက်များသို့ အင်တာနက်ကွန်ယက်မှ ဝင်ရောက်အသုံးပြုနိုင်သကဲ့သို့ ဆက်သွယ်မှု ဧရိယာပြင်ပ အခြေအနေများတွင် လေ့လာနိုင်ရန် ဒေတာများ အလွယ်ကူရယူ သိမ်းဆည်းနိုင်သည့်စနစ်များ ထည့်သွင်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


