ပဲခူး နိုဝင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နိုဝင်ဘာ ၅ ရက်က ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ပဲခူးတိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှု ၂၆၇ ရာခိုင်နှုန်းရှိသော်လည်း ဆီထွက်သီးနှံ တိုးချဲ့ စိုက်ပျိုးနိုင်ရေး ပဲစိုက်ခင်းတွင် နေကြာသီးညှပ်စိုက်ပျိုးသွားရန် တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် ဝယ်ယူ၍ နေကြာမျိုးစေ့များ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ တောင်သူများအတွက် ဓာတ်မြေဩဇာအိတ် များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးရာတွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေး အဖွဲ့စနစ်ဖြင့် စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ကြောင်း” စသည်ဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ မြို့နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


