ဝန်းသို နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၌ ကျေးလက်နေပြည်သူများ ပူပြင်းခြောက်သွေ့သော နွေရာသီ၌ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ရေရရှိရေးလုပ်ငန်း များကို ဝက်တူးကျေးရွာနှင့် ကင်းမြင်သာကျေးရွာတို့တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဝက်တူးကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၂၁ သန်းဖြင့် အနက် ပေ ၄၀၀ ရှိ လေးလက်မ စက်ရေတွင်း တစ်တွင်း၊ ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တစ်ခုနှင့် အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တစ်ခုကိုလည်းကောင်း၊ ကင်းမြင်သာကျေးရွာတွင် ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၅ ဒသမ ၂၉၉ သန်းဖြင့် အနက်ပေ ၄၀၀) ရှိ စက်ရေတွင်းတစ်တွင်း၊ ဂါလန် ၂၀၀၀ ဆံ့ ရေစုကန်တစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတစ်ခုတို့ကို တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာနှစ်ရွာ၌ ရေရရှိရေးလုပ်ငန်းများကို ယခု ၂၀၂၁-၂၀၂၂ ခု ၆ လ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုငွေကျပ် သန်း ၃၆ ဒသမ ၂၉၉ ကျော် အကုန်ကျခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်း အားလုံး ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ/အိမ်ထောင်စု ၃၀၀ နီးပါးရှိ လူဦးရေ ၁၃၅၀ ကျော်အတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင်


