ဝါရှင်တန် နိုဝင်ဘာ ၇

အမေရိကန်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အရ ယမန်နေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၄၂၈၀၀၆၅၄၀ အား ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ ၅၃၁၂၈၇၆၄၅ လုံး ဖြန့်ဝေထားပြီး ဖြစ်ကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံ၌ ပြည်သူ ၂၂၂၉၀၂၉၃၉ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၁၉၃၄၂၅၈၆၂ ဦးသည် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၌ Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် Johnson & Johnson ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတို့ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတတိယအကြိမ် အပိုဆောင်းထိုးနှံရန် အတည်ပြုခဲ့သည့် ဩဂုတ် ၁၃ ရက်မှစတင်ကာ လက်ရှိအချိန်အထိ ပြည်သူ ၂၂ ဒသမ ၃ သန်းခန့်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်အပိုဆောင်း ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

အမေရိကန်ကျန်းမာရေးအာဏာပိုင်များသည် Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် Johnson & Johnson ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတို့ကို တတိယအကြိမ် အပိုဆောင်းထိုးနှံပေးရန်အတွက် အောက်တိုဘာ ၂၀ ရက်တွင် အတည်ပြု ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား - စီအင်န်အေ

ဘာသာပြန် - အလင်းသစ်