ဖရီးတောင်း(ဆီရာလီယွန်) နိုဝင်ဘာ ၇

ဆီရာလီယွန်နိုင်ငံ၏မြို့တော် ဖရီးတောင်းမြို့ရှိ ဓာတ်ဆီဆိုင်တစ်ခုတွင် ကြီးမားသောပေါက်ကွဲမှုတစ်ခု ဖြစ်ပွားမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး မော်တော်ယာဉ်နှင့် အနီးအနားလမ်းမများတွင် ရှိနေကြသော လူအများအပြား မီးလောင်မှုဒဏ်ခံခဲ့ရကြောင်း ကူညီကယ်ဆယ်ရေးလုပ်သားနှင့် သူနာပြုဖြစ်သူတစ်ဦးက ယနေ့ပြောကြားသည်။

ယမန်နေ့ညက အခင်းဖြစ်ပွားသည့်နေရာမှ အလောင်း ၈၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပြီး မိမိတို့၏ လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ဒေသဆိုင်ရာကြက်ခြေနီတပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေး လုပ်သားတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။ အခင်းဖြစ်ပွားသည့်နေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းအထိ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အလောင်းများပို့ဆောင်ထားသည့် ဆေးရုံတစ်ရုံမှ သူနာပြုတစ်ဦးကပေါက်ကွဲမှုတွင် သေဆုံးသွားသည့် အရေအတွက်ကို အေအက်ဖ်ပီသတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။ ထို့အပြင် ပေါက်ကွဲမှုတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်အများအပြားကိုလည်း ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ အဆိုပါ ဓာတ်ဆီဆိုင်တွင် မော်တော်ယာဉ်တစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာမှ မီးလောင်ပေါက်ကွဲကာ အနီးအနားနေရာများသို့ မီးကူးစက်လောင်ကျွမ်းသဖြင့် မော်တော်ယာဉ်နှင့် အနီးအနားလမ်းမများ တွင် ရှိနေကြသောလူများကို မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆီရာလီယွန်နိုင်ငံ၏ ဒုတိယသမ္မတ ဂျူးလ်ဒက်ဂျာလိုသည် အခင်းဖြစ်ပွားသည့်နေရာသို့ ယနေ့ ရောက်ရှိလာကြောင်း သိရသည်။

ကိုးကား - အေအက်ဖ်ပီ၊ ဘာသာပြန် - ဂျေတီ