ပဲခူး နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၃)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နောက်ခံသမိုင်းကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍ၏ အရေးပါရှိမှု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကောင်းမွန်သော အစဉ်အလာများနှင့် နိုင်ငံဝန်ထမ်းကောင်းများအဖြစ် ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေး အကျယ်တဝင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးတို့က ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အမှုထမ်း၊ အရာထမ်း စုစုပေါင်း(၂၃၆)ဦးအတွက် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာသီရိ ပရိယတ္ထိစာသင်တိုက်သို့ သွားရောက်ပြီး ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
(၃၃)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားအား နှစ်စဉ် နိုဝင်ဘာ ၇ ရက် ရောက်တိုင်း ကျင်းပလေ့ရှိပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးများ၌ ဝန်ထမ်းမိသားစုများ စုပေါင်း၍ အလှူဒါနပြုလုပ်ခြင်း၊ ဝန်ထမ်းများအား ကံစမ်းမဲဖောက်ပေးခြင်းများ ပြုလုပ်ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


