နတ်မောက်၊ နိုဝင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာကို ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် (၆)လဘတ်ဂျက်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း ၅၀၀ နှင့် ပြည်သူထည့်ဝင်ငွေတို့ ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါ အဆိုပါကျေးရွာ ၅ ရွာရှိ ကျေးရွာသူကျေးရွာသားများအား စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ အားလုံးဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရက ပြောပြ၍ သိရသည်။

နတ်မောက်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကို ယခုဘဏ္ဍာနှစ် (၆)လဘတ်ဂျက်တွင် ရွှေကွေ့ကျေးရွာ၊ ကန်ကြီးကုန်းကျေးရွာ၊ စည်သာကျေးရွာ၊ တမလန်းပင်ကျေးရွာ၊ ပိတောက်ငုတ်(ရွာလေး) ကျေးရွာများတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၅၀၀ နှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများပူးပေါင်း၍ ကျေးရွာတွင်း လမ်းခင်းခြင်းလုပ်ငန်း၊ သောက်သုံးရေရရှိရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများပံ့ပိုးကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရက ဆက်လက်ပြောပြ၍ သိရသည်။

သော်သော်