နေပြည်တော် နိုဝင်ဘာ  ၇

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းရှည်ကျေးရွာ အနီးရှိ သထုံစက်မှုနယ်မြေနှင့် အမှတ် (၂၁) အကြီးစားစက်ရုံသို့ ရောက်ရှိပြီး စက်မှုနယ်မြေ (သထုံ) ကို ရာဘာအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် စက်မှုလုပ်ငန်များ ထူထောင်နိုင်ရေး စီမံ ဆောင်ရွက်ရန်၊ ရှိပြီး အခြေခံအဆောက်အဦများနှင့် မြေနေရာများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန်၊ အမှတ် (၂၁) အကြီးစား စက်ရုံအနေဖြင့် စက်ရုံရှိ နည်းပညာနှင့် အရင်းအမြစ်များကို အကျိုးရှိအောင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များကို Business Plan  ရေးဆွဲဆောင်ရွက်ရန်   မှာကြားကာ စက်မှုနယ်မြေအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုက်ထိုမြို့နယ်ရှိ အမှတ် (၂၇) ကုန်ကြမ်းဌာန၊ မရမ်းကုန်း ရာဘာခြံသို့ရောက်ရှိပြီး စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ရာဘာပင်များကို ဖြစ်ထွန်းအောင်မြင်အောင်နှင့် ရာဘာစေး တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပင်ပြည့်/ကွက်ပြည့် အစေးခြစ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုတွင် ရာဘာအခြေခံ ထုတ်ကုန်ပစ္စည်းများသည် မရှိမဖြစ် လိုအပ်၍ အလေးထားဆောင်ရွက်ရန်၊ အထွက်နှုန်း နည်းပါးသွားသည့် ပင်အို/ ပင်ဟောင်းများနေရာတွင် အထွက်နှုန်း ကောင်းမွန်သည့် မျိူးကောင်းမျိုးသန့် ရာဘာပင်များဖြင့် နှစ်စဉ် အစားထိုး စိုက်ပျိုးနိုင်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် မှာကြားသည်။

 

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာနမှ ဦးစီးဌာန၊ သင်တန်းကျောင်းနှင့် စက်ရုံများ၏ လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပြည်တွင်းရှိ သယံဇာတများကို အသုံးပြု၍ သွင်းကုန်အစားထိုး ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်နေမှု၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ စက်မှုသင်တန်းကျောင်းများကို ယခုနှစ် ဒီဇင်ဘာလဆန်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ စက်မှုဝန်ကြီးဌာနရှိ စက်ရုံအလုပ်ရုံများကိုလည်း ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်၍ အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင် စက်ရုံ/ အလုပ်ရုံများကို နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံသူများ ဖိတ်ခေါ်၍ အစိုးရ-ပုဂ္ဂလိက PPP ပုံစံ၊ အစိုးရ-ပုဂ္ဂလိက Joint Venture ပုံစံများဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့ရှိ ပဲခူးတိုင်းဒေသကြီးစက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိရာ တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်ထားမှုတို့ကို အရည်အသွေးရှိသော စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြောင်းလဲတိုးတက်နေသည့် နည်းပညာများ ရရှိရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညိှနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် စက်မှုလက်မှုသမိုင်းမှတ်တမ်းပြုစု ရေးသားထုတ်ဝေနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်ပြီး ယခင်ထုတ်ဝေခဲ့ပြီးဖြစ်သည့် စက်မှုလက်မှု သမိုင်းမှတ်တမ်းအား ပြန်လည်ထုတ်ဝေပြီး မျက်မှောက်ခေတ်ထိ ရေးသားထုတ်ဝေနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးပါရန်နှင့် စက်မှုလက်မှုသမိုင်းအား  နောက်မျိုးဆက်သစ်များ မှန်ကန်စွာ သိရှိနိုင်ရေးအတွက်  တိကျခိုင်မာသည့် အချက်အလက်များဖြင့် မှတ်တမ်းပြုစု ရေးသားပေးကြပါရန် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ပညာရှင်များ က ရင်းနှီးပွင့်လင်းစွာ အကြံပြု ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်