ထွန်းကျော်

 

ရာသီဥတုအေးလာတာနဲ့အတူ ဥရောပတစ်လွှား နိုင်ငံအများစုမှာ ကိုဗစ်-၁၉ ကူးစက်မှုအသစ်တွေ မြင့်တက်လာနေပါတယ်။ အဲဒီလိုမြင့်တက်လာတဲ့အတွက် ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားရာ ဗဟိုချက်နေရာ ဖြစ်လာနိုင်ခြေရှိတဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာသလို ဒီလိုကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေကို ဘယ်လိုမျိုး လျော့နည်း သွားအောင် လုပ်ဆောင်မလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

 

နည်းလမ်းနှစ်သွယ်ချဉ်းကပ်မှုကို လိုက်နာလုပ်ဆောင်ဖို့တိုက်တွန်း

 

ကျွမ်းကျင်သူတွေက ဥရောပနိုင်ငံတွေကို ကာကွယ်ဆေးထိုးနှုန်း မြင့်မားရေးနဲ့ အခန်းတွေကို လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ဖို့နဲ့ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းကဲ့သို့သော ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး နည်းလမ်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ဆိုတဲ့ အချက်နှစ်ချက်ပါတဲ့ နည်းလမ်း နှစ်သွယ် ချဉ်းကပ်မှုမျိုးကို လိုက်နာ လုပ်ဆောင်ကြဖို့ တိုက်တွန်းတောင်းဆို ထားကြပါတယ်။

 

ဥရောပရေးရာဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒေသဆိုင်ရာညွှန်ကြားရေးမှူး ဟန်းစ်ကလော့က ဥရောပတစ်လွှား လတ်တလော ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှုဟာ စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

 

ဗဟိုချက်နေရာဖြစ်လာနိုင်

 

အခုပုံစံအတိုင်းသာ ဆက်လက် ဖြစ်ပွားနေမယ်ဆိုရင် မိမိတို့ဟာ နောက်တစ်ကြိမ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားရာ ဗဟိုချက်နေရာ ဖြစ်လာနိုင်သလို ဖေဖော်ဝါရီမတိုင်ခင် ဒေသအတွင်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၀၀၀၀၀ လောက်ဖြစ်လာလိမ့်မယ်လို့ ကလော့က ပြောပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်က ဥရောပနဲ့ အာရှအလယ်ပိုင်းဒေသတွေဟာ ကမ္ဘာ့ ကိုဗစ်-၁၉ သေဆုံးသူထက်ဝက်နီးပါးရဲ့ အကြောင်းရင်းခံဖြစ်ပါတယ်။

 

တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင် ကျန်းမာရေးနဲ့ အပူပိုင်းဒေသဆေးဝါးများဆိုင်ရာ လန်ဒန်ကျောင်းရဲ့ ဥရောပ ပြည်သူ့ကျန်းမာရေးပါမောက္ခ မာတင်မက်ကီက ဥရောပတစ်လွှားနိုင်ငံတွေ အကုန် ကာကွယ်ဆေးထိုးနှုန်းတွေ မြင့်တက်ဖို့၊ အထူးသဖြင့် ကာကွယ်ဆေး ထိုးနှုန်းနည်းတဲ့ နေရာတွေမှာ ကာကွယ်ဆေးတွေ ပိုထိုးနိုင်ဖို့ လိုအပ်တယ်လို့ပြောပါတယ်။

 

ကာကွယ်ဆေးထိုးနှံမှုဟာ သာတူညီမျှ မလွှမ်းခြုံနိုင်သေး

 

ဥရောပသမဂ္ဂ (အီးယူ) နဲ့ ဥရောပ လွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အိုက်စလန်၊ လက်ချင် စတိန်းနဲ့ နော်ဝေရဲ့ နောက်ဆုံး ကိုဗစ်-၁၉ အချက်အလက်တွေအရ အရွယ်ရောက်ပြီးသူ ၇၅ ဒသမ ၇ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရပြီး ၈၀ ဒသမ ၈ သန်းမှာ အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

ကာကွယ်ဆေးထိုးနှံမှုဟာ ဥရောပတစ်လွှား သာတူညီမျှ မလွှမ်းခြုံနိုင်သေးပါဘူး။ ပေါ်တူဂီ၊ မော်လ်တာနဲ့ စပိန်နိုင်ငံတို့လိုမျိုး နိုင်ငံတွေမှာ အရွယ်ရောက် ပြီးသူ ၈၀ ရာခိုင်နှုန်းကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံမှု ခံယူပြီးပြီဖြစ်ကာ ရိုမေးနီးယားနိုင်ငံမှာ ၃၉ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ဘူလ်ဂေးရီးယား နိုင်ငံမှာ ၂၆ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုဟာ ဥရောပနိုင်ငံတွေအနက် အနည်းဆုံး ဖြစ်ပါတယ်။ ။

 

ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယား နိုင်ငံတွေမှာ လွန်ခဲ့တဲ့ သီတင်းပတ်က ကိုဗစ်-၁၉ စတင် ဖြစ်ပွားချိန်ကတည်းက စတင်ကာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု ပမာဏ အများဆုံးဖြစ်ခဲ့ပါတယ်။

 

ကာကွယ်ဆေးထိုးနှုန်းမြင့်တဲ့ နိုင်ငံတွေတောင် ကူးစက်မှုမြင့်မား

 

သို့သော်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှုန်း မြင့်မားတဲ့နိုင်ငံတွေတောင်မှ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်နေပါတယ်။ ဂျာမနီနိုင်ငံမှာ အရွယ်ရောက်ပြီး သူ ၇၉ ဒသမ ၈ ရာခိုင်နှုန်းကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးပါပြီ။ သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကတော့ မြင့်နေဆဲဖြစ်ပါတယ်။ အေးတဲ့ ရာသီဥတုက လူတွေကို အထဲမှာပဲ ပိုမိုစုရုံးမိစေတဲ့အတွက် နိုဝင်ဘာ ၅ ရက်က ဂျာမနီနိုင်ငံမှာ ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၃၇၁၂၀ ရှိခဲ့ပါတယ်။

 

နယ်သာလန်နိုင်ငံမှာ အရွယ်ရောက် ပြီးသူ ၈၄ ဒသမ ၁ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးပြီ ဖြစ်ပါတယ်။ သို့သော်လည်း ဗုဒ္ဓဟူးနေ့မှ ကြာသပတေးနေ့အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ ၁၀၀၀၀ ကျော်လွန် ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ဇူလိုင် ၁၈ ရက်ကစပြီး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

 

လက်ရှိနှုန်းနဲ့ မလုံလောက်သေး

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ လက်ရှိကာကွယ်ဆေးထိုးနှုန်းနဲ့ မလုံလောက်သေးပါဘူးလို့ ကျွမ်းကျင်သူတွေက အကြံပြုပြောကြားထားပါတယ်။ ။

 

၇၀ ရာခိုင်နှုန်းက လုံလောက် သလောက်ရှိပါတယ်။ သို့သော်လည်း ၉၅ ရာခိုင်နှုန်းကျော်တဲ့အထိ ကာကွယ် ဆေးထိုးနှုန်းတွေကို မြှင့်တင်ဖို့ လိုပါတယ်လို့ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ မက်ကီက ပြောပါတယ်။

 

ကာကွယ်ဆေးထိုးနှုန်း မြင့်ခြင်းဟာ စိုးရိမ်ပူပန်ရမယ့်ကိစ္စ မဟုတ်သော်လည်း ကိုယ်ခံအားနည်းခြင်းက စိုးရိမ်စရာကိစ္စ တစ်ခုဖြစ်ပါတယ်။ ။

 

အပိုဆောင်းကာကွယ်ဆေးမထိုးနှံ ရသေးတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံးထိုးနှံပြီးတဲ့သူတွေမှာ ကိုယ်ခံအားစနစ် လျော့နည်းနေတာကို စတင်တွေ့နေရတယ်လို့ မက်ကီက ပြောပါတယ်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်တဲ့သူတွေက အရေအတွက် အတော်နည်းပါတယ်။ နိုင်ငံအများစုမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ အခက်အခဲတွေရှိနေခြင်းက တကယ့်ပြဿနာပါပဲ။ ကာကွယ်ဆေးတွေကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ထိုးနိုင်သလောက် ထိုးပေးရမယ်လို့ မက်ကီက ဆက်ပြောပါတယ်။

 

ကိုဗစ်-၁၉ ကန့်သတ်ရေး ဆောင်ရွက်ချက်တွေကို ထပ်မံချမှတ်

 

ဗြိတိန်နဲ့ ဥရောပတစ်လွှား နိုင်ငံတွေမှာ လူမှုရေး ကန့်သတ်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြေလျှော့ပေးလျက် ရှိပါတယ်။

 

သို့သော်လည်း ကိုဗစ်-၁၉ စတုတ္ထ အကျော့က ဥရောပတစ်လွှား ရုတ်တရက် ဖြစ်ပွားလျက်ရှိပါတယ်။ အစိုးရတွေကတော့ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုအရေအတွက် တိုးလာတာကို ကိုင်တွယ်ဖြေရှင်းဖို့ ကိုဗစ်-၁၉ ကန့်သတ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို တစ်ဖန် ပြန်လည်ချမှတ်ထားပါတယ်။

 

ကာကွယ်ဆေးအပေါင်း နည်းဗျူဟာလိုအပ်

 

ဥရောပတစ်လွှား ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခြင်း အရှိန်အဟုန်မြင့်လာခြင်းကို ရင်ဆိုင်ဖို့ဆိုရင် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ခုတည်းအပေါ် အားကိုးနေတာကို ရှောင်ကြဉ်ဖို့လိုမယ်လို့ မက်ကီက ပြောပါတယ်။

 

ဥရောပအနေနဲ့ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာတာကို တုံ့ပြန်ရင်ဆိုင်တဲ့ အခါမှာ နည်းဗျူဟာတွေလည်း ပြောင်းလဲဖို့လိုတယ်လို့ ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ အက်ကိုအင်းကလော့က ပြောပါတယ်။ ။

 

အဓိက ပြောချင်တာကတော့ မိမိတို့တွေအနေနဲ့ ကာကွယ်ဆေးသာမက နည်းဗျူဟာပဲ လိုအပ်တယ်လို့ ပြောချင်တာပါလို့ မက်ကီက ပြောပါတယ်။ ကျွမ်းကျင်သူတွေကြား စိုးရိမ်နေတာက ဗီဇပြောင်း မျိုးစိတ်သစ် ထပ်မံ ဖြစ်ပွားလာမှာကိုပဲ ဖြစ်ပါတယ်။ ။

 

ကိုးကား-ဆင်ဟွာ