ဝါရှင်တန် နိုဝင်ဘာ ၇
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ ကျင်းပသည့် ဂီတပွဲတော်တစ်ခုတွင် လူအုပ်ပြိုကျမှုကြောင့် ရှစ်ဦးအနည်းဆုံး သေဆုံးခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
အဆိုပါဂီတပွဲတော်ကို နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက် နှစ်ရက်တာ ကျင်းပခဲ့သည်။ ဂီတပွဲတော်၏ ဖွင့်ပွဲည၌ ပရိသတ် ၅၀၀၀၀ ခန့် လာရောက်ကြည့်ရှုကြသည်။
အခင်းဖြစ်ပွားပုံမှာ ရက်ပ်ပါစတား ထရာဗစ်စကော့ သီဆိုဖျော်ဖြေစဉ် လူငယ်တစ်စုက ပရိသတ်များအကြား တိုးဝှေ့ကာ စင်တင်ခုံအရှေ့သို့ သွားရောက်စဉ် ပရိသတ်အချင်းချင်း စုပြုံတိုးမှုကြောင့် လူအုပ်ပြိုကျမှု ဖြစ်ပွားကာ ရှစ်ဦးအနည်းဆုံး သေဆုံး ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
ထိခိုက်ဒဏ်ရာ ရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်