စေတုတ္တရာ နိုဝင်ဘာ ၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာနှစ်တွင် မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာ၌ တစ်ရွာလျှင် ငွေကျပ် သိန်းတစ်ရာစီ ထောက်ပံ့၍ စုစုပေါင်းငွေကျပ် သိန်းလေးရာဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာများမှာ မကြီးစုကျေးရွာ၊ ကူတော်ကျေးရွာ၊ ညောင်အိုင်ကျေးရွာ နှင့် ပဇူကျေးရွာ တို့ဖြစ်ပြီး စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများသည် နိုဝင်ဘာ ၆ ရက်က ကြောင်သိုက်ကျေးရွာအုပ်စု၊ ပဇူကျေးရွာသို့ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများကို ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ယင်းကျေးရွာလေးရွာတွင် VDP စီမံကိန်းဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၃၀၉ အိမ်၊ အိမ်ထောင်စု ၃၁၂ စု နှင့် လူဦးရေပေါင်း ၁၁၉၀ ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အထွေး


