တက်ရှ်ကန့် နိုဝင်ဘာ ၈

 

ဥဇဘက်ကစ္စတန်နိုင်ငံသည် အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံ အားတတ်နိုင်သမျှ အထောက်အပံ့များ ပေးသွားမည် ဖြစ်ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတရှက်ဗ်ကတ်မီယာဇီယိုယက်ဗ်က ကတိကဝတ်ပြု ပြောကြားသည်။

 

ဥဇဘက်ကစ္စတန်သမ္မတသည် ယမန်နေ့တွင် ပြုလုပ်သည့် ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား၌ အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။ ရှက်ဗ်ကတ်မီယာဇီယို ယက်ဗ်သည် မဲအရေအတွက် အားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အောက်တိုဘာ ၂၄ ရက် ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ သမ္မတ အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒုတိယသက်တမ်းအတွက် ပြန်လည် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ဥဇဘက်ကစ္စတန်သမ္မတက မိမိနိုင်ငံအနေဖြင့် အာဖဂန် နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ရရှိရေး ကို အကူအညီပေးရန် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက် အထောက်အပံ့ပေးသွားမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

 

လက်ရှိတွင် အာဖဂန်နစ္စတန်နိုင်ငံ၏ လုံခြုံရေးအခြေအနေသည် မတည်မငြိမ်ဖြစ်လျက်ရှိနေဆဲဖြစ်ပြီး ယင်းမှာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိန်းရာတွင် ဥဇဘက်ကစ္စတန် သမ္မတ ရှက်ဗ်ကတ်မီယာဇီယိုယက်ဗ်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။ ထို့ပြင် ဥဇဘက်ကစ္စတန်နိုင်ငံသည် အစ္စလာမ္မစ် အစွန်းရောက်များနှင့် မူးယစ်ဆေးဝါးများ နိုင်ငံအတွင်း ဝင်ရောက်လာနိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်