ဟူစတန် နိုဝင်ဘာ ၈

 

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဂီတပွဲတော်၌ စင်မြင့်အနီး ပရိသတ်များ စုပြုံးတိုးမှုကြောင့် လူရှစ်ဦးထက်မနည်း သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

 

နိုဝင်ဘာ ၄ ရက် ညပိုင်းက ကျင်းပသည့် ဂီတပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် လူသေဆုံးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲတွင် ဟူစတန်ဇာတိ ဖြစ်သည့် နာမည်ကြီး ရက်ပ် အဆိုတော် ထရာဗစ်စကောက် လည်းပါဝင်သည်။

 

ယင်းနေ့ညက ပြုလုပ်ခဲ့ သည့်ဂီတပွဲသို့ ပရိသတ် ၅၀၀၀၀ ထက်မနည်း တက်ရောက်ခဲ့ကြသည်ဟု ယူဆရသည်။ ထရာဗစ် စကောက် ဖျော်ဖြေနေစဉ် စိတ်လှုပ်ရှားနေသည့် ပရိသတ်ကြီးမှာ ရှေ့တိုးရန် တဖြည်ဖြည်းချင်း ကြိုးစားရင်း အရှေ့တန်းတွင် ရှိနေသည့် လူများကို ဖိမိခြင်းဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ပြောသည်။

လူ ၁၇ ဦးကို ဆေးရုံသို့ ပို့ဆောင် ပေးလိုက်ရသည်။ သေဆုံးသူမှာ ရှစ်ဦးထက်မနည်း ရှိကြောင်းကိုလည်း အာဏာပိုင် များက ပြောသည်။ မိနစ်အနည်းငယ်အတွင်း ယခုလိုအဖြစ်အပျက် ဖြစ်သွားရခြင်းဖြစ်ကြောင်း ရဲများ ကပြောသည်။ ဂီတပွဲတော်ကျင်းပစဉ် ရိုက်ကူးထားသည့် ဗီဒီယိုအရ လူငယ်များ ပွဲကျင်းပရာနေရာတွင် အပြည့်နေရာယူထားပြီး စိတ်အားတက်ကြွစွာ သီချင်းများ အော်ဆိုနေသည်ကို တွေ့ရသည်။

အင်န်အိတ်ချ်ကေ