ဗန်းမော် နိုဝင်ဘာ ၈
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဗန်းမော် တက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီက ဗန်းမော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာအောင်ကျော်သင်က အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ၁၂ဝဝ ခုနှင့် လက်သန့် ဆေးရည်ဘူးများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။
ယင်းနောက် ဗန်းမော်တက္ကသိုလ်၌ အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြ ဆရာဆရာမ (၅၇)ဦး တို့အား မွမ်းမံသင်တန်းသင်ကြားပို့ချပေးလျက်ရှိရာ ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်သင်က နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဥပဒေနှင့် ဝန်ထမ်းကျင့်ဝတ်များကို လည်းကောင်း၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ မွမ်းမံသင်တန်းကို ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


