၀န်းသို  နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ဒေါင်းမြူးချောင်းနှင့် နန်းလိုင်းချောင်းကို အမှီပြု၍ စိုက်ပျိုးရေး လုပ်ကိုင်နေကြသော လက်ပံကြီးတောကျေးရွာအုပ်စုနှင့် အနီးကျေးရွာတောင်သူများသည် မေမြို့ပန်းများကို ပြည်တွင်း စျေးကွက်ကောင်းရရှိရေး မျှော်လင့်၍ စီးပွားဖြစ် မေမြို့ပန်းများကို ပိုမိုစိုက်ပျိုးကြလျက်ရှိသည်။

မေမြို့ပန်းကို ယခုဆောင်တွင်းကာလ အောက်တိုဘာလပိုင်းကုန်၊ နိုဝင်ဘာလအတွင်း စိုက်ပျိုးကြပြီး စိုက်ချိန်မှ ရောင်းချသည်အထိ ၀.၅၀ဧကကို ကုန်ကျစရိတ် ၁သိန်းကျော်ကုန်ကျပြီး  စိုက်ချိန်မှ ၂လခွဲခန့် ကြာမြင့်၍ ရေလောင်းပြုစုပျိုးထောင်းခြင်း ပိုးမွှားအန္တရာယ်ကာကွယ်နိုင်ရေး ဆေးဖျန်းခြင်း ယုယစိုက်ပျိုးကာ အပွင့်လှချိန် ရိတ်သိမ်းရောင်းချနိုင်ရေး  အားထားစိုက်ပျိုးလျက်ရှိသည်။ 

မေမြို့ပန်းအမျိုးမျိုးရှိရာ အဆိုပါကျေးရွာများတွင် အက်စတာ၊ ကြက်လည်ဆံ၊ ရိုးစိမ်းကျောက်နီ၊ ခိုပြာများကို ပိုမိုအားထားစိုက်ပျိုးကြသည်ဟု မေမြို့ပန်းစိုက်ပျိုးသူတစ်ဦးက ပြောပြခဲ့သည်။

ဝန်းသိုမြို့နယ်တွင်  မေမြို့ပန်းသည် ယခင်နှစ်က စျေးကောင်းသဖြင့် ယခုနှစ်မှာ လက်ပံကြီးတော ကျေးရွာအုပ်စုအပြင် အခြားကျေးရွာအုပ်စုများရှိ တောင်သူများကပါ စျေးကောင်းမျှော်လင့်၍ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)