လေးမျက်နှာ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (၆)လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက ကညင်သောင်အုပ်စု၊ မြစ်ကျိူးကျေးရွာရှိ မြစ်ကျိူးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူမှ အမှာစကားပြောကြားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းများ၊ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များကို အများသဘောနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့သည်။
၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (၆)လတာကာလ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ် သိန်း(၁၀၀)ဖြင့် မြစ်ကျိူးကျေးရွာတွင် ကျေးရွာနေပြည်သူများကိုယ်တိုင် ကျေးရွာ၏အဓိကလိုအပ်ချက်များတွင်ပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်များ ရေးဆွဲပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)


