လွိုင်ကော် နိုဝင်ဘာ ၈

 

ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၁)အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ၊ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေက ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများ ထိုးနှံရာတွင်လည်း ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား အဆင်ပြေစွာ ထိုးနှံနိုင်‌ရေးအတွက် ဆောက်ရွက်ပေးစေလိုကြောင်း၊ ခရိုင်၊ မြို့နယ် ကိုဗစ်ကော်မတီများအနေဖြင့် ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ  တာဝန်ရှိသူတို့နှင့် ပူးပေါင်း၍ ပြည်သူများ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ဆက်လက်၍ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူးနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က အထွေထွေဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် အတွင်းရေးမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေက ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း ဖြစ်ပေါ်လာပါက ကြိုတင်စီမံဆောင်ရွက်ထားရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)