ရန်ကုန်၊ နိုဝင်ဘာ ၈
(၁၀၃)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်စာပေးပွဲအား ဒီဇင်ဘာ ၄ ရက်မှ ၉ ရက်ထိ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် အဆိုပါ စာလျှောက်စာပေးပွဲကို (၆၇)ကြိမ်မြောက်မှစတင်၍ ရွှေတိဂုံစေတီတော်မြတ်တွင် ယနေ့တိုင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ရေးဖြေစာမေးပွဲကို ကျင်းပသွားမည်ဖြစ်သည်။
(၁၀၃)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်စာမေးပွဲတွင် ဖြေဆိုရန် သံဃာတော်အရှင်သူမြတ် (၁၂၂)ပါး စာရင်းပေးသွင်းထားပြီး (၁၀၂)ကြိမ်မြောက် စာလျှောက်စာမေးပွဲတွင် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့မှ သီးခြားစာချတန်းအောင် သံဃာတော်အရှင် ၂ ပါးနှင့် သီခြားစာသင်တန်းအောင် သံဃာတော် ၈ ပါးတို့ အောင်မြင်ခဲ့သည်။ ယနေ့ထိ သံဃာတော်အရှင်သူမြတ် (၁၂၆၆)ပါးသည် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်စာမေးပွဲကို အောင်မြင်တော်မူထားကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး - ညိမ်းသူ (သတင်းစဉ်)


