မော်လမြိုင် နိုဝင်ဘာ ၈

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက စျေးကြိုရပ်ကွက် မော်လမြိုင်တက္ကသိုလ် ပင်မဆောင် ၁၅ တွင် ကျင်းပသည့် မော်လမြိုင်တက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲသို့ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်တက္ကသိုလ်တွင် ဘာသာရပ် ၁၄ ခုအတွက် ဆရာ၊ ဆရာမ ၁၁၉ ဦး ခန့်အပ်နိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူမိကြောင်း၊ တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများကလည်း မိမိတို့တတ်ကျွမ်းသော ဘာသာရပ်များဖြင့် နိုင်ငံတော်အပေါ် အကျိုးရှိစွာ တာဝန်ထမ်းဆောင်စေလိုကြောင်း၊ အထူးပြုဘာသာရပ်များအလိုက် စနစ်တကျ လေ့လာလိုက်စားကြစေလိုကြောင်း၊ သင်တန်းပို့ချမည့် ဆရာ၊ ဆရာမများအနေဖြင့် ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ပြီး နိုင်ငံတကာ ထိုးဖောက်နိုင်ရေး စံပြဖြစ်စေရန် သင်ကြားပေးစေလိုကြောင်း၊ သို့မှသာ ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မည်ဖြစ်ကြောင်း လမ်းညွှန်အမှာစကားပြောကြားသည်။

 

ထို့နောက် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က သင်တန်းဖွင့်လှစ်ရခြင်း  ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးသည်။ အဆိုပါ သင်တန်းကို နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ပိတ်ရက်မရှိ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး သင်တန်းသား၊  သင်တန်းသူ (နည်းပြ၊ သရုပ်ပြ)  ၁၁၉  ဦးတို့က တက်ရောက်သင်ကြားမည်ဖြစ်ကာ သင်တန်းသား၊ သင်တန်းသူများအတွက်  ပြည်နယ်အစိုးရအဖွဲ့အ​နေဖြင့် ဆန်၊ ဆီ၊ ပဲ အမယ် (၃) မျိုးအပါအဝင် အခြားလိုအပ်သည်များကိုလည်း ကူညီထောက်ပံ့ ဆောင်ရွက်​ပေးသွားမည်ဖြစ်​သည်။

 

သင်တန်းဖွင့်ပွဲသို့  မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ မော်လမြိုင်တက္ကသိုလ်မှ ခန့်အပ်သော သင်တန်းသား၊ သင်တန်းသူ (နည်းပြ၊သရုပ်ပြ) ဆရာ၊ ဆရာမ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)