မြဝတီ နိုဝင်ဘာ ၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ် (၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့နယ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ကာလအတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသည့် အိမ်ထောင်စုများအား သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသည့် အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြားရှိသူများနှင့် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
မြဝတီမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ ရက်ပေါင်း (၁၈၀) အတွင်း လုပ်ငန်းများ အချိန်မီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ လုပ်ငန်းအားလုံး၏ ၃၉ ဒသမ ၄၈ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ပြီး ကျန်ရှိနေသော လုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ရပ်ကွက်များနှင့် ကျေးရွာများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)


