ပဲခူး နိုဝင်ဘာ ၈
ပဲခူးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြမည့် နည်းပြ၊ နည်းပြ၊ သရုပ်ပြဆရာနှင့် ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၈ ရက် နံနက် ၉နာရီက ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများအတွက် သဘက်စောင်အကြီး(၆၄)ထည်၊ ထောက်ပံ့ငွေကျပ်(၁၂၈၀၀၀ဝိ/-)နှင့် ပဲခူးတက္ကသိုလ်ရှိ ဆရာ/ဆရာမများအတွက် သီးခြားထောက်ပံ့ငွေ ကျပ်(၁၀)သိန်းတို့အား ထောက်ပံ့ ပေးအပ်ခဲ့ပြီး သင်တန်းသား ဆရာ/ဆရာမများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပဲခူးတက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာနှင့် ဆရာမ မွမ်းမံသင်တန်းအား နိုဝင်ဘာလ(၈)ရက်နေ့မှ(၁၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ဘက်စုံ ကျန်းမာရေးဝန်ထမ်း သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ကာ သင်တန်းသား (၁၇၆)ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၅၂၀၀၀ဝ အား သင်တန်းသား/သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါဘက်စုံ ကျန်းမာရေးဝန်ထမ်း သင်တန်းအား ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့မှ ၂၀၂၂ခုနှစ် ဧပြီလ(၅)ရက်နေ့အထိ (၂၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်အနီး ရန်ကုန်-မန္တလေးလမ်းနှင့် အနောက်ဘက်မြို့ရှောင်လမ်းဆုံရာ နေရာအား အပန်းဖြေပန်းခြံနှင့် ဘုရင့်နောင်ရုပ်ထု ထားရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေဧရိယာသတ်မှတ်ခြံစည်းရိုးခတ်ရန်နှင့် မြေပြင် ရှင်းလင်းမှုများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


