မိုးညှင်း နိုဝင်ဘာ ၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ကာလတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာအဆင့် ကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။
ထို့နောက် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်သီတာဝင်းနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟန်ဇော်အောင်တို့က မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် စပ်လျဉ်း၍ ထားရှိရမည့် ချေးငွေလျှောက်လွှာပုံစံများ၊ ငွေစာရင်းပုံစံစာရင်းဇယားများ၊ အစည်းအဝေးမှတ်တမ်း ရေးသားနည်းများ စသည့် အကြောင်းအရာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချကြောင်း သိရသည်။
အဆိုပါ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းသို့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ကာလတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မိုးညှင်းမြို့နယ် အင်းကုန်းကျေးရွာမှ ကျေးရွာအဆင့် ကော်မတီဝင်စုစုပေါင်း ခုနစ်ဦးတက်ရောက်ခဲ့ကြောင်း၊ သင်တန်းကို တစ်ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


