ကွာလာလမ်ပူ နိုဝင်ဘာ ၉
ကာကွယ်ဆေးထိုး ခရီးသွားလမ်းကြောင်း (ဗီတီအယ်လ်) ကို စတင်လိုက်သည်နှင့် တစ်ပြိုင်နက် မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သည် နှစ်နိုင်ငံကြား ပျံသန်းသွားလာလျက်ရှိသော ခရီးသွားများအတွက် သီးသန့်ကန့်သတ် စောင့်ကြည့်မှုကာလကို လျှော့ပေးမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ်က နိုဝင်ဘာ ၈ ရက်က ပြောကြားသည်။
အဆိုပါ သဘောတူညီချက်သည် နိုဝင်ဘာ ၂၉ ရက်တွင် စတင်အာဏာသက်ဝင်မည်ဖြစ်ပြီး ကွဲကွာနေသော မိသားစုများပြန်လည်ဆုံစည်းနိုင်မည် ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်ရုံးနှင့် စင်ကာပူဝန်ကြီးချုပ်ရုံးတို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းတွင် နှစ်နိုင်ငံလုံးအနေဖြင့် သိသာသော တိုးတက်မှုများလုပ်ဆောင်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကို စီမံခန့်ခွဲနိုင်ခဲ့ကြောင်း၊ နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှု များကိုလည်း ဘေးအန္တရာယ်ကင်းကင်းနှင့် အချိန်နှင့်တစ်ပြေးညီ ပြန်လည် စတင်နိုင်တော့မည် ဖြစ်ကြောင်း ကြေညာချက်တွင် ထုတ်ပြန်ထားသည်။
ဗီတီအယ်လ်သည် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ လေကြောင်းသွားလာမှု များကို အကျုံးဝင်စေမည်ဖြစ်ပြီး နှစ်နိုင်ငံကြား ဆက်သွယ်ထားသော တံတားကွန်ရက်များမှ သွားလာခြင်းများ မပါဝင်သေးကြောင်း သိရပြီး ကုန်းလမ်းကြောင်းကိုလည်း မကြာမီဖွင့်လှစ်ပေးနိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိသည်။
ဆင်ဟွာ