တာချီလိတ်၊ နိုဝင်ဘာ ၉
လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား (၁၇၁) ဦး၊ အမျိုးသမီး (၁၀၈) ဦး စုစုပေါင်း (၂၇၉) ဦး ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲ က မြန်မာတာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။
အဆိုပါနေရပ်ပြန်များကို ကျန်းမာရေးဌာနတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခဲ့ရာရောဂါပိုး ကူးစက်ခံထားရကြောင်းတွေ့ရှိသည့် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၃)ဦး စုစုပေါင်း ( ၅) ဦးအား သီးသန့်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသူအားလုံးကို ဝမ်လုံး Quarantine Centre သို့ပို့ဆောင် ပြီး ၃ ရက်မြောက်နေ့တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ်ရယူ၍ တောင်ကြီးမြို့သို့ ပို့ဆောင်စစ်ဆေး အတည်ပြုချက် ရယူပြီး ရောဂါပိုးကင်းစင်သူများကို ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
တာချီလိတ်မြို့တွင် လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဇူလိုင်လ ၃၀ ရက်နေ့ မှစတင်လက်ခံခဲ့ရာ ယနေ့ (၁၅) ကြိမ်မြောက်ဖြစ်ပြီး ကျား၊ မ စုစုပေါင်း (၄၃၅၄) ဦးကို ပြန်လည်လက်ခံပြီးဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)


