ကျိုက်မရော နိုဝင်ဘာ ၉


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကလိုင်းကနိုင်ကျေးရွာတွင် စီးပွားဖြစ် ကြက်ဟင်းခါးသီး စိုက်ပျိုးသူများ ယခုကာလအတွင်း စျေးကောင်းရသဖြင့် မိသားစုဝင်ငွေတိုး၍ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ကြက်ဟင်းခါးသီး တစ်ဧကစိုက်ပျိုးရန်အတွက် မြေအမျိုးစားကတော့ သဲနှုန်းမြေပွပွပေါ်တွင် မြေသြဇာအဖြစ် နွားချေးကို ထည့်ပေးရပါတယ်။ ကြက်ဟင်းခါးသီးတစ်ဧကလျှင် ကြက်ဟင်းခါးသီး မျိုးစေ့များကို အိတ်များဖြင့် ပျိုးထောင်၍ အပင်ပေါက်လေးများ ရှင်သန်လာလျှင် အိတ်လေးများကိုခွဲ၍ အတန်းလိုက် ချစိုက်ပျိုးပေးရပါတယ်၊ စိုက်ပျိုးပြီး ရက်ပေါင်း ၂၀ခန့် အကြာတွင်အညွန့်လေးများ ထွက်လာပြီး စင်ပေးရကြောင်း၊ စင်ပေးပြီး ၄၅ ရက်ကြာလျှင် ကြက်ဟင်းခါးသီးများ လှိုင်လှိုင်ထွက်လာခဲ့ပြီး အပင်ကို သုံးရက်တစ်ခါ ရေမောင်းပေးရပါတယ်။

 

​ကြက်ဟင်းခါးသီး တစ်ဧကအတွက် ကုန်ကျစရိတ် အနေဖြင့် ငွေကျပ် ငါးသိန်းခန့်ကုန်ကျကြောင်း စင်ပေါ်မူတည်ပြီး ကုန်ကျစရိတ်သိရကြောင်း အသီးကို နှစ်ရက်ခြားတစ်ကြိမ် တစ်ကြိမ်အလုံး ၁၀၀၀ခန့် ခူးယူရရှိနိုင်ကြောင်း၊ အပင်သက်တမ်း ကုန်ဆုံးသည်အထိ ခူးယူရောင်းချနိုင်ကြောင်း၊ ဝယ်လိုအားနှင့် လူကြိုက်များသော သီးနှံဖြစ်သောကြောင့် တောင်သူများ စီးပွားဖြစ် အများအပြားစိုက်ပျိုးကြကြောင်း သိရသည်။

      

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)