ပွင့်ဖြူ     နိုဝင်ဘာ     

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၁ - ၂၀၂၂ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးချေးငွေများ ထုတ်ချေးပေးခြင်းကို ဒေသခံတောင်သူများအား မိုးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ဇွန်(၁၀)ရက်မှ စတင်ကာ စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ရာ အောက်တိုဘာ ၂၉ ရက်တွင် အောင်မြင်စွာ ထုတ်ချေး ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော် ထံမှ သိရသည်။

မြို့နယ်အတွင်းရှိ တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငေွ ထုတ်ချေးပေးခြင်းကို တောင်သူများ သီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ဇွန်လ (၁၀)ရက်နေ့ကစပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ချေးငွေများ ထုတ်ချေးရာ၌ ယခင်နှစ်က ထုတ်ချေးခဲ့သော စိုက်ပျိုးစရိတ်ချေးငွေအား အစောဆုံး ပြေကြေစွာ ပြန်လည်ပေးဆပ်သည့် တောင်သူများကို ဦးစားပေးအလိုက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် စပါးသီးနှံစိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှင့် အခြားသီးနှံစိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင် ၂၀၂၁ - ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု(၅၁)အုပ်စု ရှိပြီး တောင်သူများ မိုးသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ရုံးဖွင့်ရက်များတွင် စဉ်ဆက်မပြတ် စနစ်တကျ ထုတ်ချေးပေးခဲ့ရာ အောက်တိုဘာလ (၂၉)ရက်နေ့တွင် ယခင်နှစ်က ချေးယူခဲ့သော စိုက်ပျိုးစရိတ်ချေးငွေ ပြေကြေစွာ ပေးဆပ်ခဲ့သည့် ကျေးရွာအုပ်စု(၄၇)အုပ်စုမှ တောင်သူဦးရေ ၁၅၈၉ ဦးအား မိုးစပါးသီးနှံစိုက်ပျိုးဧက ၇၀၀၇ ဧက နှင့် အခြားသီးနှံဖြစ်သည့် နှမ်းသီးနှံစိုက်ပျိုးဧက ၆၄၈ ဧက ပဲတီစိမ်းသီးနှံစိုက်ပျိုးဧက ဧက တို့အတွက် စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၁၁၆၅၅၀၀၀၀ အား တောင်သူများလက်ဝယ်အရောက် ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော် က ပြောသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )