မြဝတီ နိုဝင်ဘာ ၉

           

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ တောရကျောင်း ဘုန်းတော်ကြီး ကျောင်းတွင် လူကုန်ကူးမှုလျှော့ချရေး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

           

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အမျိုးသမီးအဖွဲ့များကွန်ရက်(ကရင်ပြည်နယ်)မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အမျိုးသမီးအဖွဲ့များကွန်ရက်(ကရင်ပြည်နယ်)မှ ဥက္ကဋ္ဌ နော်ခရစ်စတီးနာ၊ အဖွဲ့ဝင်များဖြစ်သည့် ရှေ့နေ ဒေါ်ဘာမွန်း၊ ဆရာ စောဟိုရှေး တို့က ပို့ချဆွေးနွေးခြင်းဖြစ်သည်။

           

အလုပ်ရုံဆွေးနွေးပွဲတွင် ရွှေ့ပြောင်းသွားလာရသည့် အဓိက အကြောင်းအရင်းများ၊ လူကုန်ကူးခြင်းနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းဖြစ်စေရန် တွန်းအားပေးသော အချက်များ၊ ရွှေ့ပြောင်းလာခြင်းအစား ရွေးချယ်နိုင်မည့် အခြားနည်းလမ်းများ၊ ရွှေ့ပြောင်းသွားလာခြင်း မပြုမီ ကြိုတင်ပြင်ဆင်ခြင်းများနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရပြီး လူကုန်ကူးခံရသည်ဆိုပါက လုပ်ဆောင်ရမည့် နည်းလမ်းများ အစရှိသည်ဖြင့် ဆွေးနွေးကြသည်။

 

ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများကို အမျိုးသမီးအဖွဲ့များ စွမ်းအင်မြှင့်တင်ခြင်းနှင့် ပူးပေါင်းလုပ်ဆောင်မှုအား ကောင်းစေရန်နှင့် လူကုန်ကူးမှုလျှော့ချရေးတို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)