ကော့ကရိတ် နိုဝင်ဘာ ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထု ဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)၌ ကျေးရွာအုပ်စု ၅၃ အုပ်စုမှ ကျေးရွာပေါင်း ၂၅၈ ရွာကို စီမံကိန်းလုပ်ငန်းခွဲပေါင်း ၁၅၈ ခုအား အကောင်ထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ လုပ်ငန်းခွဲများမှ ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်းအား စက်တင်ဘာလကုန်တွင် စီမံကိန်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ခံ ထံမှ သိရသည်။
အဆိုပါလုပ်ငန်းခွဲများမှ ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေသော ကော့ဘိန်း ကျေးရွာ ခန်းမဆောင် အလျား ၈၀ ပေ × အနံ ၃၆ ပေ × အမြင့် ၁၃ ပေ တည်ဆောက်ခြင်းလုပ်ငန်းတွင် စီမံကိန်းထောက်ပံ့ရန်ပုံ ငွေကျပ် (၅၈၅၀၀၀၀၀)နှင့် ကျေးရွာထည့်ဝင်ငွေကျပ်(၁၆၅၂၄၉၀)ဖြင့်လည်ကောင်း၊ ကော့ပေါက်ကျေးရွာတွင် ကျေးရွာခန်းမ ဆောင် အလျား ၃၆ ပေ × အနံ ပေ ၇၀× အမြင့် ၁၃ ပေ တည်ဆောက်ခြင်းလုပ်ငန်းအား စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် (၅၅၁၈၈၁၀၀)ဖြင့် စက်တင်ဘာလကုန်တွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည့်အတွက် အဆိုပါ ကော့ပေါက်ကျေးရွာတွင် အိမ်ခြေ (၁၀၀၇)အိမ်၊ လူဦးရေ (၅၈၂၅) ဦးနှင့် ကော့ဘိန်းကျေးရွာတွင် အိမ်ခြေ (၂၆၀၅ )အိမ်၊ လူဦးရေ (၁၂၃၃၈)ဦးတို့အတွက် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)


