နေပြည်တော် နိုဝင်ဘာ ၉
Asian Gameနှင့် SEA Games ပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိခဲ့သည့် အသက်(၆၀)နှစ်နှင့်အထက် အားကစားသမားဟောင်းများကို လစဉ်ထောက်ပံ့ကြေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ ဘဝနောင်ရေး စီမံ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁ ရက်တွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း။
ဆွေးနွေးချက်များအရ အသက်(၆၀) နှစ်နှင့်အထက် အားကစားသမားဟောင်းများကို လစဉ် ထောက်ပံ့ပေးရာတွင် Asian Game တွင် ရွှေတံဆိပ်ရရှိသူများ၊ ငွေတံဆိပ်ရရှိသူများ၊ ကြေးတံဆိပ်ရရှိ သူများ၊ SEA Games တွင် ရွှေတံဆိပ်(၁၀) ခုနှင့်အထက်ရရှိသူများ၊ (၅) ခုမှ (၉) ခုအထိရရှိသူများ၊ (၁) ခုမှ (၄) ခုအထိ ရရှိသူများစသည်ဖြင့် အဆင့်များ ခွဲထားပြီး၊ ငွေ ကြေးလျာထားတွက်ချက်မှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ရာ တွက်ချက် မှုများအရ အသက် (၆၀) နှစ်နှင့်အထက် Asian Game တွင် ရွှေတံဆိပ်(၁) ခုရရှိခဲ့သူများကို (၂) သိန်းနှုန်း၊ ငွေတံဆိပ်(၁) ခုရရှိခဲ့သူများကို (၁) သိန်းခွဲနှုန်း၊ ကြေးတံဆိပ် (၁) ခုရရှိခဲ့သူများ ကို (၁) သိန်းနှုန်း ထောက်ပံ့ပေးပါက ရွှေတံဆိပ်ရရှိသူ (၁၄) ဦး၊ ငွေတံဆိပ်ရရှိသူ (၅)ဦး၊ ကြေး တံဆိပ်ရရှိသူ (၇)ဦး စုစုပေါင်း (၂၆)ဦးနှင့် SEA Games တွင် ရွှေတံဆိပ်(၁၀) ခုနှင့်အထက် ရရှိသူကို (၁) သိန်းခွဲနှုန်း၊ (၅) ခုမှ (၉) ခုအထိရရှိသူကို (၁) သိန်းနှုန်း၊ (၁) ခုမှ (၄) ခုထိရရှိသူကို (၇) သောင်းနှုန်း၊ ငွေ တံဆိပ်(၁) ခုကို (၅) သောင်းနှုန်း၊ ကြေးတံဆိပ်(၁) ခုကို (၃) သောင်းနှုန်း သတ်မှတ်ခဲ့ကာ SEA Games တွင် ရွှေ၊ ငွေ၊ ကြေးရရှိခဲ့သူ (၂၄၈)ဦးရှိပြီး Asian Games နှင့် SEA Games တွင် စုစုပေါင်း ဆုတံဆိပ်ရရှိသူ (၂၇၄) ဦး ထည့်သွင်းတွက်ချက်ခဲ့ကြောင်း၊ ဆုရရှိ သည့် အားကစားသမားများ သက်ရှိထင်ရှား ရှိ/ မရှိ အဖွဲ့ချုပ်များနှင့်ဆက်သွယ်ခဲ့ရာ ကွယ်လွန်သူ(၂၅) ဦး ရှိကြောင်းသိရှိရပြီး ထောက်ပံ့ကြေးပေးရန် စုစုပေါင်း (၂၄၉) ဦးသာ ကျန် ကြောင်း၊ အဆိုပါ (၂၄၉) ဦးအတွက် (၁) လလျင် (၁၆ ဒသမ ၅၉) သန်းဖြင့် မတ်လအထိ (၉၉ ဒသမ ၅၄) သန်း ကုန်ကျမည်ဖြစ်ကြောင်း (၆) လ ဘတ်ဂျက်ငွေအဖြစ် (၁၁၃ ဒသမ ၄) သန်း တွက်ချက်ပါရှိထားပြီး ဖြစ်ကြောင်း၊ ထောက်ပံ့ကြေးပေးမည့်သူများထဲမှ ပြည်ပရောက်ရှိ နေသူ၊ သာသနာ့ဘောင်ရောက်ရှိနေသူ၊ အဆက်အသွယ်မရရှိသူ (၂၂) ဦးပါဝင်ကြောင်းနှင့် ၎င်းတို့အတွက် (၁၆) သိန်း (၅) သောင်း ထည့်သွင်းတွက်ချက်ထားပါကြောင်း ပြောကြားသည်။
ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမာဟောင်းများအား ချီးမြှင့်ငွေပေးရာတွင် နိုင်ငံတော် အကြီး အကဲအနေဖြင့် တလုံးတခဲတည်းပေးပါက တခဏတည်းကုန်သွားနိုင်သဖြင့် လစဉ်ထောက်ပံ့ ပေးမည်ဆိုပါက ပိုမိုကောင်းမွန်ကြောင်း၊ ထောက်ပံ့ပေးမည့်အစီအစဉ်ကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြန်လည်တင်ပြပေးရန်လိုအပ်ပါကြောင်း၊ တိုင်းပြည်အတွက် ဂုဏ်ဆောင်ခဲ့ သူများ သက်ရှိထင်ရှား ရှိ/ မရှိ အထောက်အထားတိတိကျကျဖြင့် တွက်ချက် တင်ပြရန်အရေးကြီးကြောင်း၊ ဘဏ္ဍာရေးနှစ် အလိုက် သေချာတွက်ချက်အတည်ပြုချက် ရယူပြီး သက်ဆိုင်ရာခေါင်းစဉ်မှ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းနှင့်အညီ ပေးအပ်ချီးမြှင့် သုံးစွဲသွားရန်လိုကြောင်း၊ ယခုကဲ့သို့ချီးမြှင့်ခြင်းဖြင့် လက်ရှိ အားကစားသမားများအတွက် ကြိုးစားချင်စိတ်များ၊ စိတ်ဓာတ်များ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ နောင်ထပ်မံ ဆုရရှိ သည့် အားကစားသမားများကို ခေတ်ကာလ နှင့်အညီ ထောက်ပံ့မှုနှုန်းထားများ ပြောင်းလဲ ခြင်းများ၊ ပြင်ဆင်ဆောင်ရွက်ရန် စီမံထားရှိရန်လိုအပ်ပါကြောင်း၊ ထောက်ပံ့ကြေးများကို ပြည်တွင်းနေထိုင်သူများအပြင် ပြည်ပနေထိုင်သူများကို ပေး/မပေး ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ရသုံးမှန်းခြေငွေစားရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်းတို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်


