ကိုင်ရို နိုဝင်ဘာ ၁၀
အီဂျစ်နိုင်ငံသမ္မတ အက်ဘ်ဒယ်ဖက်တာအယ်လ်စီစီနှင့် ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်တို့သည် ယခုလအတွင်း ပြင်သစ်နိုင်ငံ၏ မြို့တော်ပါရီ၌ ကျင်းပမည့် လစ်ဗျားနိုင်ငံအရေးနှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်တစ်ရပ်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ယမန်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ်အတွင်း လစ်ဗျားအရေးကိစ္စဖြေရှင်းရာတွင် အီဂျစ်သမ္မတ အယ်လ်စီစီ၏ ကြိုးပမ်းမှုများနှင့်စပ်လျဉ်း၍ ချီးကျူးပါကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ပြောကြားသည်။ လစ်ဗျားအရေးကိစ္စနှင့် စပ်လျဉ်း၍ အီဂျစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ရန် စိတ်အားထက်သန်ကြောင်းလည်း မက်ခရွန်က ပြောကြားသည်။
အီဂျစ်နိုင်ငံ သမ္မတ အက်ဘ်ဒယ်ဖက်တာ အယ်လ်စီစီနှင့် ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန် တို့သည် လစ်ဗျားနိုင်ငံ၌ သမ္မတရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ဒီဇင်ဘာလကုန်ပိုင်းတွင် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရန် သဘောတူညီ ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်