ခန္တီး နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ မိုးစပါး GAP စိုက်နည်းစနစ် စံပြကွက်ရိတ်သိမ်းခြင်းနှင့် အထွက်နှုန်းခန့်မှန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက သာစည်ကျေးရွာ၊ တောင်သူ ဦးသန်းညွန့်၏ ကွင်းအမှတ်(၄)၊ ဦးပိုင်အမှတ်(၂၇)၊ ဆင်းဧကရီ-၃ မိုးစပါး စိုက်ကွင်း၌ ပြုလုပ်သည်။
ထို့နောက် တောင်သူ ဦးသန်းညွန့်၏ ဆင်းဧကရီ-၃ မိုးစပါးစိုက်ကွင်းအား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက အထွက်နှုန်း တင်းအစိုချိန်(၁၀၁)တင်းနှင့်၊ အခြောက်ချိန်(၉၇)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။ စားသုံးသူ အတွက် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆန်များရရှိလာစေရန် ရည်ရွယ်၍ စံကွက်ရိတ်သိမ်းပွဲကျင်းပရ ခြင်းဖြစ်ကြောင်း၊ ယခင်နှစ်ကာလတွင် တစ်ဧကလျှင် တင်း(၆၀)ခန့်ထွက်ရှိရာမှ ယခုနှစ်တွင် အထွက်နှုန်းပို၍ များလာခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဟန်ထွန်း(အင်းဝ)


