တိုကျို နိုဝင်ဘာ ၁၀
ဂျပန်အစိုးရသည် ၁၀ လတာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရပ်ခြားမှ ဆိုက်ရောက်လာမည့်သူများအတွက် နယ်စပ်တံခါးများ ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။ ဂျပန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရရန် စောင့်ဆိုင်းနေကြသည့် ကျောင်းသားများနှင့် အလုပ်သမားများအတွက် အလားအလာကောင်းတစ်ခုပင် ဖြစ်သည်။ သို့သော်လည်း နေ့စဉ်ထောင် နှင့်ချီ၍ ဝင်လာမည့်သူများအတွက် တင်းကျပ်သည့် စည်းကမ်းများ ရှိနေဆဲဖြစ်သည်။ စီးပွားရေးသမားများနှင့် ကျောင်းသားများသည် ဂျပန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရရန် ကာလရှည်ကြာ စောင့်ဆိုင်းနေရသည်ဖြစ်ရာ ယခုလို လုပ်ဆောင်ပေးလိုက်သည့်အတွက် ကောင်းမွန်သည့် ကိစ္စဖြစ်ကြောင်း နာရီတာ လေဆိပ်သို့ ရောက်ရှိလာသော မက္ကဆီကိုနိုင်ငံမှ စီးပွားရေး ခရီးသွားတစ်ဦးက ပြောသည်။
စီးပွားရေးကိစ္စ သို့မဟုတ် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ချက် ဖြင့် သုံးလကြာနေထိုင်မည့်သူများ၊ နိုင်ငံခြားကျောင်းသားများနှင့် နည်းပညာ လေ့ကျင့်ရေးသမားများအတွက် စည်းကမ်းအသစ်များမှာ နိုဝင်ဘာ ၈ ရက်မှ စတင်ကာ အသက်ဝင်ပြီ ဖြစ်သည်။
ရိုးရိုး ခရီးသွားများအတွက် ကန့်သတ်ချက်များမှာမူ မပြောင်းလဲသေးပေ။ စီးပွားရေးခရီးသွားများသည် ဂျပန်အစိုးရက ခွင့်ပြုပေးထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံထားရမည်ဖြစ်ပြီး သုံးရက်ကြာ အသွားအလာစောင့်ကြည့် ကန့်သတ်မှု ခံယူရမည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ