တာချီလိတ် နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မြို့ပေါ်ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စု(၆၀၀)  အား အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ငါးသေတ္တာများ ဒုတိယအကြိမ် ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၈ နာရီက အာယုဒါနအောက်ဆီဂျင်စက်ရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်များမှ စားဝတ်နေရေး ခက်ခဲလျက်ရှိသည့် အိမ်ထောင်စုပေါင်း (၆၀၀)အား အိမ်ထောင်စု တစ်စုလျှင် ဆန်ရှစ်ပြည်ပါ တစ်အိတ် ၊ စားဆီတစ်လီတာဗူး တစ်ဗူးနှင့် ငါးသေတ္တာဗူး တစ်ကတ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၁၇၀)ခန့်တန်ဖိုးရှိ အခြေခံစားကုန်များကို ဦးအားတီနှင့်ဇနီး ဒေါ်ခင်ခင်ထွေး(စံလင်းဖြိုးကုမ္ပဏီ)မှ သားဖြစ်သူ မောင်စံလင်းဖြိုး၏အသက် ၁၂ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဦးဆမ်သန်း (အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်)မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅၅၀၀( ထိုင်းဘတ် ၁၀၀)နှုန်းဖြင့် ထပ်မံ ထောက်ပံ့ပေးခဲ့သည်။

ယနေ့ထောက်ပံ့လှူဒါန်းခြင်းသည်  ဒုတိယအကြိမ်ဖြစ်ပြီး ဆက်လက်၍ နိုဝင်ဘာ ၂၈ ရက်နေ့တွင် တတိယ အကြိမ်အဖြစ် လှူဒါန်းထောက်ပံ့ပေးသွားရန်ရှိကြောင်း ဦးအားတီထံမှသိရှိရသည်။

ယာဆေး (ပြန်/ဆက်)