နတ်မောက် နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိတောင်သူများစိုက်ပျိုးရေးအတွက်မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေ ဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ ၁ ပေ ခန့် ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံကသိရသည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် နိုဝင်ဘာလ (၉) ရက်နေ့တွင် တမံရေပြည့်အမှတ် (၆၈၃)ပေ၊ လက်ရှိရေအမှတ်( ၆၈၄ ဒသမ ၁)ပေရှိ၍ ( ၁ ဒသမ ၁ )ပေ ခန့်ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့နံနက်(၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ်( ၆၈၄)ပေရှိပြီး ၁ ပေခန့် ရေပိုလွှဲမှ ရေကျော်ကျ ကြောင်းသိရသည်။
နတ်မောက်ရေလှောင်တမံရေပိုလွဲမှ ရေကျော်ကျမှုများလျော့နည်းလာသော်လည်း တမံအတွင်း ရေဝင်ရောက် မှု အခြေအနေနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများသိရှိ အောင်ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံများ အားလုံးကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄)နာရီ ပတ်လုံးစောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဦးထိန်လင်းထံက သိရသည်။
သင်းသင်းမြတ်


