နမ္မတူ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီခွဲတွင်အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အသက် (၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် အောက်တိုဘာလ (၁၀)ရက်နေ့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထားသည့် အသက် (၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူ ၂၀၀ အား ကာကွယ်ဆေး ထိုးနေရာ နှစ်နေရာခွဲ၍ ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး၊ နိုဝင်ဘာလ (၁၁)ရက်နေ့တွင်လည်း ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထားသည့် ပြည်သူ ၁၂၀ အား ဒုတိယအကြိမ် အဖြစ် ကာကွယ်ဆေးများ ထပ်မံထိုးနှံ ပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နမ္မတူမြို့နယ်၌ ယနေ့တွင် အသက် (၄၅)နှစ်နှင့်အထက် ပြည်သူ ၂၀၀ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးပြီဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၃၈၄၁ဦးအား ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံနိုင်ခဲ့ပြီး၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ဒေသခံပြည်သူ ၆၂၀ဦး၊ အခြေခံပညာ အလယ်တန်း/အထက်တန်း ကျောင်းသား/ကျောင်းသူ ၈၃၆ဦး စုစုပေါင်း ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁၄၅၆ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၇၄၇ ဦး ရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၆၈၇ ဦး ရှိကာ၊ ၂၃ ဦး သေဆုံးခဲ့ပြီး၊ ဆေးကုသဆဲပိုးတွေ့လူနာ ၃၈ ဦး ရှိကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


